Wednesday, 30 December 2015

၃ နှစ်ပြည့်ခဲ့ပြီ ..

၃ နှစ်တိတိ အိပ်မက်မဆန်ပြီးဆုံးသွားတော့ အတိတ်တစ်ချို့....


၂၀၁၂ ဇူလိုင်လ..
တစ်ချိန်က ဘာကိုရွေးချယ်သင့်လဲ ဆုံးဖြတ်ရခက်ခဲ့တဲ့နေ့တစ်နေ့...

Master လောက်တော့ ပြီးသင့်တယ်ဆိုတဲ့အတွေးတစ်ခုကြောင့်.. Entrance ကို အခက်အခဲတွေ.. ပြသာနာတွေကြားကဖြေခဲ့တယ်...မှတ်မှတ်ရရ ကျောင်းသား ၂၀၀ ကျော်လောက်ထဲ.. မိမိ အပါအ၀င် ၁၀ယောက်ကျေ်လောက်.. ၀င်ခွင့်အောင်ခဲ့တယ်..
အမှန်က.. အဒေါ်တွေစကားကို မလွန်ဆန်ဝံ့လို့သာ.. အဲ့ဒီ Master ကို ၀င်ခွင့်ဖြေခဲ့ဖြစ်တာ....
ကျောင်းတတ်ခြင်းကို ခန နားမယ်ဆိုတဲ့အသိနဲ. ရေအားလျှပ်စစ်ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ဖြစ်နေတာလဲ .. ၂လကျော်ပီ.... ပြောရရင် .. စိတ်ခံစားချက်အပြည့်အ၀မပါဘဲ.. Master တတ်ရမယ်ဆိုတဲ့အခြေအနေက ဖြစ်လာတယ် ဆိုပါတော့...

အဲ့ဒီအချိန်တုန်းက လက်ထဲမှာ Passport ဆိုတာလဲ အဆင်သင့်မရှိသေးဘူး..
နိုင်ငံခြားထွက် အလုပ်လုပ်မယ် ဆိုတဲ့အတွေးကတော့ ကျောင်းတတ်တည်းက ရည်ရွယ်ထားပြီးသား ဖြစ်ဘူးခဲ့တယ်...
Master က ၂ နှစ်တတ်ကိုတတ်ရမယ် ဆိုတော့.. အဲ့လောက်အချိန်ကြီးတော့ မရင်းပစ်ချင်လိုက်တာ အမှန်ပဲ...
တစ်ချို့ကလဲ.. Master ၂ နှစ်ပြီးရင်.. ဘာတွေတတ်လှမ်းရှိတယ်.. သေချာတဲ့လမ်းရှိတယ်..ဘာညာပေါ့...
တစ်ခိျို့ကလဲ.. နိုင်ငံခြားသာသွားပါ.. ဘာညာပေါ့...
အမှန်တကယ်ပြောရရင် အဲ့ဒီအချိန်တုန်းက.. အရာရာကို ကိုယ်တိုင်သေချာ မစဉ်းစား မဆုံးဖြတ်နိုင်သေးတဲ့ ကျောင်းပြီးစ 22 နှစ်....

သေချာတဲ့လမ်းကြောင်းရှိတယ်လို့ထင်ရတဲ့.. Masterကိုတတ်ဖို့ စွန့်လွှတ်တယ်..
မသေချာတဲ့လမ်းကြောင်းး .. အလုပ်ရမလား မရမလားဆိုတဲ့ နိုင်ငံခြားကို သွားဖို့လမ်းကိုရွေးခဲ့တယ်... တစ်လအတွင်း အကုန်စီစဉ်... (အဲ့ဒီအချိန်တုန်းက အစစအရာရာ အကြံပေးခဲ့ကြတဲ့ မိသားစု မိတ်ဆွေတွေ အားလုံးကိုကျေးဇူးတင်ပါတယ်) grin emoticon

အဲ့လိုနဲ့.. စင်္ကာပူ...
ကိုယ်ပိုင်ဘာသာစကားတစ်ခုအဖြစ်နဲ့ပြောဆိုကျင့်သုံးတဲ့နိုင်ငံကို 2012 ဒီလိုအချိန်မှာ ရောက်ခဲ့တယ်ဆိုပါတော့...အရာရာဟာ ၂၂ အရွယ်ခလေးမတစ်ယောက်အတွက် မျက်စိသူငယ် နားသူငယ်..... အတော်လေ့လာသင်ယူရဦးမယ်ဆိုတဲ့အတွေး.. အလုပ်မရခဲ့ရင်ဆိုတဲ့အတွေးတွေနဲ့.. အရွယ်နဲ့ မလိုက်အောင် .. စိုးရိမ်ပူပန်ခဲ့ရတယ်..

ဒီလမ်း.. ဒီနိုင်ငံမှာ စရောက်တည်းက အစစအရာရာသင်ကြားဆိုဆုံးမခဲ့တဲ့ ဦးလေး နဲ့ အဒေါ်ကို
ကျေးဇူးတင်ပါတယ်... ကိုယ်တိုင်ကိုယ်ကျ လေ့လာစရာမလိုဘဲ ကိုယ်မရင်းနှီးတဲ့နိုင်ငံရဲ့ နေမှုထိုင်မှုကို အလေ့အကျင့်ဖြစ်အောင် ပြုစုပ်ျုးထောင်ပေးခဲ့တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်...
အဲ့လိုနဲ့.. ကံဇာတာလေးကလဲ ကောင်းချင်တော့.. 7 ရက်နဲ့ အလုပ်ရခဲ့တယ်.. စလုံးရောက်ပီးး ၁၅ ရက်နေတော့ အလုပ် စ၀င်ဖြစ်တယ်... QS နဲ့ပါပဲ.....
သိပ်မကြီးလှတဲ့ မိသားစုဆန်တဲ့ Construction Company တစ်ခုမှာပေါ့...
မှတ်မှတ်ရရ.. အဲ့ဒီ Company မှာ လွန်ခဲ့သောကာလတစ်ခုအထိ ၂ နှစ်ကျော် အလုပ်လုပ်ခဲ့တယ်..
တစ်နှစ်ပြည့်ပြီးတော့.. ကျောင်းတတ်ဖို့အတွက် လေ့လာတယ်... ကိုယ့်ဝင်ငွေနဲ့လဲ အဆင်ပြေအောင်... မိသားစုအတွက်လဲ မလစ်ဟာရလေအောင်.. ၂၀၁၄ မှာ ကျောင်းတတ်ဖြစ်တယ်.. အဲ့ဒီအချိန်တုန်းက.. ကိုယ် ဆုံးရှုံးခဲ့တဲ့ Master တတ်ဖို့ စလုံးမှာ ၅ ကြိမ်တိတိ ကျောင်းဝင်ခွင့်ရဖို့ ကြိုးစားခဲ့တယ်...
အခြေအနေမပေးခဲ့ခြင်းကြောင့်..တစ်ခြား ကျောင်းတစ်ခု တတ်ဖြစ်ဖို့ပဲ.. ရွေးချယ်ဖြစ်တယ်...
အဲ့လိုနဲ့.. ၂၀၁၅ နှစ်စမှာ လိမ်ဖယ်လိမ်ဖယ်နဲ့ ကျောင်းပြီးသွားခဲ့တယ်..

၂၀၁၅ ခုနှစ် ၃ လပိုင်းကျောင်းပီးတဲ့အချိန်မှာ အလုပ်အသစ်ပြောင်းဖို့ စဉ်းစားခဲ့တယ်...
လက်ရှိအလုပ်ကိုလဲ သံယောဇဉ်မပြတ်.. ကိုယ့်တတ်လမ်းအတွက်ေ၇ွးချယ်သင့်တာ ရွေးချယ်ရမယ်ဆိုတဲ့အသိကလဲရှိပြန်...
နောက်ဆုံးတော့.. လူဆိုတာ.. သာတဲ့ဘက်သွားကြတယ်ဆိုသလိုပါပဲ.. ကျွန်မအလုပ်အသစ်ပြောင်းဖြစ်ခဲ့တယ်..
QS နဲ့ပါပဲ... (ကံဇာတာက ထာဝရ အထက်တန်းစားဇီဇာကြောင်သူဖြစ်စေတဲ့ ကံမျိုးလားပဲ) tongue emoticon

အဲ့လိုနဲ့ပဲ.. ဒီနေ့ ဒီချိန်ဟာ.. ကျွန်မ စင်္ကာပူကိုရောက်တာ ၃ နှစ်ပြည့်တဲ့ကာလ....
အလုပ် ၂ ခုပြောင်းတယ်....
Diploma တစ်ခုရတယ်...
ဒါတွေက .. လူရယ်လို့ ဖြစ်လာရင် လုပ်သင့်လုပ်ထိုက်လို့ ဖြစ်လာတဲ့ အကျိုးအမြတ်လို့ပဲ ကျွန်မ ခံယူပါတယ်.....
(တိုးတတ်လာတာကတော့ weight ပါပဲ )
ဒီနေ့ ဒီချိန်ထိ.. ကိုယ်ဖို့နဲ့ မိသားစုဖို့ကလွဲ ဘာဆိုဘာမှ နောက်ဆံတင်းစရာလဲ ကျွန်မ သံယောဇဉ်မထားသေးပါ.....
အဓိကကတော့ ဒီ ၃ နှစ်ကာလအတွင်း ကျေးဇူးတင်စရာတွေ အတော်များပါတယ်...
Stress သိပ်များလှတယ်ဆိုတဲ့ နိုင်ငံမှာနေ ပျော်အောင် ကူညီပေးခဲ့သူတွေကို ကျေးဇူးတင်ပါတယ်....
စိတ်သွားတိုင်း ကိုယ်ပါနိုင်သော ကျန်းမာသော ခန္ဓာကိုယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါသည်။ ထိပ်တန်းမဟုတ်သော်ငြား အမှား အမှန်ခွဲခြားနိုင်၍ မကန်းသော ဥာဏ်ပညာ ရှိစေတဲ့အတွက် ကျေးဇူးတင်ပါသည်။ ချစ်တတ်သူတစ်ယောက်ဖြစ်လာအောင် လုံလောက်ရုံမက ပိုလျှံစွာ ချစ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါသည်။ ကျွန်မ စိတ်ထိခိုက်လွယ်သော၊ နာကျင်လွယ်သော၊ ဒဏ်ရာရလွယ်သော စိတ်ဓါတ်အင်အားခပ်ပျော့ပျော့ မိန်းမတစ်ယောက်ဖြစ်ပါသည်။
ထိုစိတ်ဓါတ်အခြေခံကြောင့် ကိုယ်ချင်းစာစိတ်၊ ညှာတာစိတ်၊ အားနာစိတ် မခမ်းခြောက်ခဲ့တဲ့အတွက် ထိုအမွေကို ကျေးဇူးတင်ပါသည်။ စိတ်အမှတ်မရှိ၊ အတေးမထားတတ်သောအကျင့်စရိုက်ကိုစွဲကပ်စေခဲ့တဲ့အတွက် ကျေကျေနပ်နပ် ကျေးဇူးတင်ပါသည်။

ကျွန်မကို ပေးခဲ့သော ကျွန်မပိုင်ဆိုင်စေသော ရုပ်ခန္ဓာ၊ စိတ်စေတနာ အရာအားလုံးကို ကျွန်မ ကျေနပ်စွာ လက်ခံပါသည်။ ကျွန်မသာ ပိုင်ဆိုင်သော ကျွန်မလုပ်ချင်တာ လုပ်ခွင့်ရှိသော ကျွန်မဘ၀ .. ထိုဘ၀ကို စောင့်ရှောက်ပေးခဲ့ကြသော ကျွန်မမိသားစုကို ကျေးဇူးတင်ပါသည်။ ဘယ်နှစ် ဘယ်ကာလ ဘယ်အချိန်မှာ အတူတူပြန်နေမယ်ဆိုတာ ကျွန်မ မစဉ်းစားထားသေးပါ။ မဖြစ်ချင်ဆုံးဆန္ဒတစ်ခုတော့ ရှိသည်။
ပျက်စီးယိုယွင်းနေသောစိတ် သို့မဟုတ် မထူနိုင် မထောင်နိုင် ချုံးချုံးကျ ကျန်းမာရေးတို့ဖြင့် မိဘကို ပြန်မှီခိုရမယ့် အခြေအနေမျိုးကိုဖြစ်သည်။ အမွေဆိုသည်မှာ ထိုက်မှသာ ခံစားခွင့်ရှိသည်ဟု ဆိုကြသည်မဟုတ်ပါလား။ ကောင်းမွန်စွာ ပေးအပ်ခဲ့သော၊ လက်ခံရရှိစေသော အရာများကို ထိန်းသိမ်းစောင့်ရှောက်ဖို့တော့ ကျွန်မတာဝန်ယူကို ယူပါသည်.......
နေပျော်တဲ့နေရာထက် .. သေပျော်မဲ့နေရာကိုတော့ တစ်နေ့ ကျွန်မ ဦးစားပေးရွေးချယ်ဖြစ်မှာပါ.....
ဒီနေ့ ဒီချိန်ထိ.. ရထားတဲ့နေရာသေးသေးသေးလေးတစ်ခုအတွက်.. အားလုံးကို ထုတ်ဖော်ပြောဖို့စကားလုံးမရှိလောက်အောင်ကို ကျေးဇူးတင်ပါတယ်.......
အချိန်တွေက ဘာမှန်းမသိလောက်အောင် သိပ်မြန်လွန်းလှပါတယ် !!!
😊😊😊😊😊😊

Charlotte
၁၄-၀၇-၂၀၁၅

ပျော်ရွှင်ခြင်း

ပျော်ရွှင်ခြင်းဆိုတာ 
အဝတ်ဘီဒိုထဲမှာ ဘယ်ချိန်က သိမ်းထားမှန်း 
မမှတ်မိတဲ့ ငွေတွေ ပြန်တွေ့သလိုမျိုး ...
😁😁$$$$

ပျော်ရွှင်ခြင်းဆိုတာ 
တစ်ခါမှမလုပ်ဘူးတဲ့ အလုပ်တစ်ခု
အဆင်ပြေပြေ အောင်မြင်သွားတာမျိုး .,
👍🏻👍🏻👍🏻😁😁😁

ပျော်ရွှင်ခြင်းဆိုတာ
ကျမအပြုံးအတွက်
သူ အရေးတယူရှိတာမျိုး .,


Photo from internet
Charlotte (23/07/15)


.....မိဘခြေရာတောင်းခံလိုသူများအတွက်......



မိဘခြေရာ ခံယူနည်း
-----------------------
မိဘခြေက္ခဏာ ခံယူပွဲသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ အလေ့အထ တစ်ခုဖြစ်၍ မြန်မာ မိသားစုတိုင်း ခံယူကျင့်သုံးသင့်ပါသည်။ ကျေးဇူးရှင် မင်းကွန်းဆရာတော် ဘုရားကြီးနှင့် ကုံလုံ ဆရာတော် ဘုရားကြီးတို့၏ မိဘခြေရာ တောင်းယူပူဇော်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ မိဘခြေရာ တောင်းယူသောနေ့ဟာ မိဘရော သားသမီးတွေပါ မင်္ဂလာရှိသော မွေးနေ့ (သို့မဟုတ်) မွေးရက်နှင့် မှတ်တမ်းအပ်သည့်နေများတွင် ကျင်းပလျှင် ပို၍ကောင်းမွန်၏။ မိဘခြေရာတောင်းယူ မည့်အချိန်မှာ မိဘကော သားသမီးပါ ရေချိုးသန့်စင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ပြီး ဘုရားစင် ရှေ့မှာထိုင်ပါ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေမှာ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ် ဆယ်မျက်နှာရှိတဲ့ အထဲမှ အထက်အရပ်ရပ်ကို ဦးထိပ်ပန်ဆင်ပြီး ရတနာသုံးပါးကို ပူဇော်ကန်တော့ပါ ပြီးလျှင် အရှေ့အရပ် မှာ မိဘ၊ တောင်အရပ်မှာ ဆရာသမား မြောက်အရပ်မှာ ကျေးဇူးရှင်များကို ကန်တော့ပြီး ခင်ပွန်းကြီး (၁ဝ) ပါးအား ဝန်ချတောင်းပန်ကာ ဘုရားစင်ရှေ့မှာ ငါးပါး သီလခံယူ ဆောက်တည်ပါ။

နေရာယူရန်
-------------
ထို့နောက် မိဘမှ မြင့်သော မြတ်သော အရပ်မှာထိုင်ပြီး သားသမီးတို့မှ မိမိတို့တတ်အား သရွှေ့ ကန်တော့ရန် ပစ္စည်းများဖြင့် ကန်တော့ပါ၊ မိဘတို့ကလည်း ဆုပေး ချီးမြှင့်ပေးပါ။ မိဘများမှ မွေးဖွားသန့်စင်တဲ့ အရွယ်ကစပြီး ယနေ့မိဘများ ခြေရာမတောင်းယူမီအထိ ကံသုံးပါးဖြင့် မတော် တဆ ပစ်မှားမိပါက ခွင့်လွှတ်ပါရန်နှင့် မသိမမြင်ရသော ဘဝများတုန်းက အပြစ်များပါမကျန် ခွင့်လွတ်ပါရန် သုံးကြိမ် တောင်းပန်၍ ကန်တော့ပါ။ မိဘများကလည်း ခွင့်လွတ်ပါတယ်ဟု သုံးကြိမ် ဖြေကြားပါ။

ခြေရာယူခြင်း
---------------
ပြီးလျှင် မိဘခြေထောက်များကို ရေဇလုံတစ်ခုမှာ ရေဆေးကြောသန့်စင်ပေးပြီး နံ့သာများ လိမ်းပေးပါ၊ နံ့သာလိမ်းထားသော မိဘခြေအစုံကို ယပ်တောင်ဖြင့် ယပ်ခပ်ပေးပါ။ ပြီးလျှင် ဆီ၊ နနွင်း (သို့မဟုတ်) ပုံနှိပ်မှင်ဖြင့် မိဘခြေဖဝါးကို ညင်သာစွာ လိမ်းပေးပါ။ သန့်ရှင်းသော အဝတ်ပေါ်တွင် ပိတ်ဖြူစ ခင်းပေးပြီး အမေ့ခြေဖဝါးကို ဘယ်မှစ ညာနောက်လိုက်ကာ ပိတ်ဖြူစပေါ်တွင် နင်းပေးပါ။ အဖေဆိုလျှင်တော့ ညာအစ ဘယ်အဆုံး လုပ်ရမှာ ဖြစ်ပါသည်။ ပိတ်ဖြူပေါ်မှာ မိဘများနင်းပြီး မတ်တပ် ရပ်ကာ သရဏဂုံတည်နေစဉ် သားသမီးများကလည်း မိဘတို့၏ ခြေအစုံကို ဦးခေါင်းနှင့်ထိ၍ ပူဇော် ကန်တော့နေပါ၊ ထို့နောက် ဘေးမှဦးဆောင်၍ မိဘခြေရာတောင်းပေးသူမှ မိဘတို့အား သားသမီး များအတွက် မေတ္တာများ ဤခြေရာတွင် ထားခဲ့ပေးပါ။ ထားခဲ့ပါသလားဟု သုံးကြိမ် အမေး အဖြေ ပြုလုပ်ပေးပါ။ မိဘရဲ့ ခြေရာများဟာ သာမန်အချိန်မှာ ထင်ရစ်ခဲ့တဲ့ ခြေရာမဟုတ်ဘဲ သရဏဂုံ ပွားများရင်း ကျန်ရစ်ခဲ့တာ ဖြစ်တဲ့အတွက် ဆောင်ယူသော သားသမီးများ လောကီ၊ လောကုတ္တရာ အကျိုးထူးများစွာ ရရှိသလို ချီးမြှင့်ပေးသော မိဘများမှာလည်း အသက်ရှည် စိတ်ကျမ်းမာစေပါတယ်။
မိဘခြေရာကျန်ရစ်ခဲ့တဲ့ ပိတ်ဖြူစပေါ်မှာ မိဘ၏ မွေးသက္ကရာဇ် တောင်းယူသော သားသမီး များ၏ အမည်၊ တောင်းယူသော နေ့စွဲများကို အမှတ်တရ ရေးထိုးပါ။ မိဘတို့၏ ခြေဖဝါးများကို မူလ ဆေးကြောထားသော ရေဇလုံအတွင်းမှာ ရေနှင့်ပင် ဆေးကြောပြီး နံ့သာရေ လိမ်းပေးပါ။ မိဘတို့၏ ခြေရင်း၌ မိဘခြေထောက်များ ဆေးကြောထားသော ရေဇလုံအတွင်းသို့ သားဆိုလျှင် ညာဘက်လက် ထည့်ပါ၊ သမီးဆိုလျှင် ဘယ်ဘက်လက်ထည့်ပြီး မိဘတို့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံအဖြစ် ပြစ်မှား မိသော အပြစ်များ ရှိပါက ကျေပါစေဟု ဆုတောင်းကာ ထိုရေဖြင့် မျက်နှာ (၃) ကြိမ်သစ်ပါ။ မိဘခြေရာ တောင်းယူနေစဉ်မှာ မိဘတွေရဲ့ မျက်နှာမှာ ဇရာကို သံဝေဂရလိုက်၊ သားသမီးတွေက ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့တဲ့အတွက် ပီတိတွေ ဝေလိုက်နှင့်ပေါ့၊ သားသမီးတွေရဲ့ မျက်နှာမှာလည်း မျက်ရည်တွေ တဝိုင်းဝိုင်းနှင့် မင်္ဂလာအရှိဆုံး အပျော်ဆုံး ဖြစ်နေမှာ အမှန်ပါ။

မိဘခြေရာတောင်းယူပြီးနောက်
---------------------------------
မိဘခြေရာတောင်းယူပြီး (၉) ရက်တိုင်တိုင် ကန်တော့ပြီးမှ ညအိပ်ရာဝင်ပါ။ အိမ်ထောင်ရှိ ပါက အိမ်ထောင်နှင့် (၉) ရက်ခွဲ၍ အိပ်ပါ။ မိဘခြေရာတောင်းယူပေးစဉ် ဦးဆောင်သူမှ အောက်ပါ ဂါထာများ ကို ရွတ်ဖတ်ပူဇော်ပေးရပါမည်။

မိဘခြေရာယူစဉ် ရွတ်ဆိုရန်
-----------------------------
‘ဒသမာသေ၊ ဥရေကတွာ၊ ဗပါသေတိ၊ ပုဎိကာရဏံ၊ အာယုဒီဃံ၊ ဝဿသတံမာတု ပါဒံနမာမဟံ္လ
သာမာတာ အကြင်အမိသည် ဒသမာသေ ဆယ်လတိုင်တိုင် ဦးရေကတွာ ရင်ဖြင့်ပိုက်လွယ် သည် ကိုပြု၍ ပုဎိကာရဏံ ကြီးပွားခြင်းအကြောင်းကို ကတွာပြု၍၊ ပေါသတိ နို့ရည်တိုက်ကျွေး မွေးမြူပေး၏၊ ဝဿသတံ၊ အနှစ်တစ်ရာတိုင်တိုင် ထိုအမိ၏ ပါဒံခြေအစုံကို အဟံ အကျွန်ုပ်သည်၊ နမာမိ ရိုသေမြတ်နိုး ရှိခိုးပါ၏။
‘ဗုသိကာရော၊ အလိဂ္ဂေတွာ၊ ဥပ္ပိတွာ ပီယပုတ္ထထံ၊ ရာဇပဇ္ဈံ၊ သုပတိဌံ၊ ပီတုပါဒံ နမာမဟံ္လ
ယောပီတု၊ အကြင်အဖသည် ဗုသိကာရော၊ ကြီးပွားကြောင်းကိုပြုလျှက် အလိဂ္ဂေတွာ၊ လည်ကို ဖက်၍၊ ဥပ္ပိတွာ၊ နမ်း၍၊ ပီယပုတ္ထထံ၊ ချစ်လှစွာသောသားကို၊ ရာဇပဇ္ဈံ၊ မင်းမှူးမတ်တို့၏ အလယ်၌ သုပတိဌံ၊ ကောင်းစွာတည်စေ၏ သောပီတု၊ ထိုအဖ၏ ပါဒံ၊ ခြေအစုံကို အဟံ၊ အကျွန်ုပ် သည် နမာမိ၊ ရိုသေမြတ်နိုး ရှစ်ခိုးပါ၏။

ချစ်သူဖန်တီးခဲ့သော ကျနော့်ကံကြမ္မာ....

ဘ၀ မှာ လိုချင်တာကို မရရအောင်ယူတတ်တဲ့ ကောင်မလေး သွန်းမခ ...

အချစ်အတွက် တစ်ဖတ်သတ်သာ ပေးဆပ်ခဲ့ရတဲ့ .. နုဝေရည်.....

အချစ်ကို အယုံအကြည်မရှိ အတ္တကြီးတဲ့ မိန်းမတစ်ယောက်ကိုမှ ချစ်မိသူ .. သူမြတ်မင်းကို



-------------- x ------------- x -------------------

" မင်း .. သိပ်ကြောက်စရာကောင်းတဲ့ မိန်းကလေး ပဲ.. သွန်းမခ "

" ကိုယ်.. မင်းဘေးမှာ ၅ နှစ်တာကာလပတ်လုံး မင်းအလိုကျ မင်းစေခိုင်းသမျှ မင်းဘေးမှာရှိနေပေးခဲ့တာတွေက မင်းကို ချစ်လွန်းလို့ကွ " ..

" မင်း ပါးစပ်ကနေ ကိုယ်အလိုချင်ဆုံးအဖြေလေးတစ်ခုရဖို့ ဘယ်လောက်တောင်မျှော်လင့်ခဲ့ရလဲ.. ဘာတွေပေးဆပ်ခဲ့ရလဲ သွန်း အသိဆုံးပါကွာ "

" ဒါပေမဲ့... ခု သွန်း ပြောလိုက်တဲ့စကားတစ်ခွန်းကို အရမ်းအံ့သြမိတယ်.. သွန်း "

" မင်းပါးစပ်က .. ကိုကို့ကို သွန်း ချစ်ပါတယ်.. ဆိုတဲ့ အဖြေကိုတော့ ရပြီးး မင်းမဟုတ်တဲ့ အခြားမိန်းမတစ်ယောက်ကို လက်ထပ်ပေးရအောင် .. ကိုယ့်အချစ်တွေက

မင်းအတွက် အရမ်းများ အပေါစားဆန်နေလို့လားကွာ..."

" ကိုယ်က နှလုံးသားနဲ့ရင်းပြီးး ခံစားချက်ရှိတဲ့ လူတစ်ယောက်ကွ "

" မင်းရေးနေကျ ၀တ္ထုတွေထဲက မင်းစေခိုင်းသမျှ နာခံမဲ့ မင်းဇာတ်ကောင် မဟုတ်ဘူး ... သွန်းမခ "



" နေပါဦး .. ကိုကို .. သွန်း ပြောပါရစေဦး "

" အချစ်ဆိုတာ ရယူပိုင်ဆိုင်ဖို့လိုအပ်လို့လားး?? ချစ်နေရင် ပြီးရောမဟုတ်ဘူးလား ?? သွန်း .. ကိုကို့ ကို ချစ်တယ်ဆို မလုံလောက်သေးဘူးလား ?

" အခု.. သွန်း လက်ထပ်ခိုင်းတဲ့ မိန်းကလေးကလဲ တခြားသူမှ မဟုတ်တာ.. မမ နုရည်ဝေ ပဲလေ ။ ကိုကို့ဘ၀အတွက် အများကြီးသင့်တော်တဲ့သူ ။ ကိုကို့ မိဘတွေအရမ်း

သဘောကျနိုင်မဲ့ မိန်းကလေး .. ကိုကို့အတွက် အရေးပါမဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပဲလေ "

" သွန်း ပြောတာ ဘာတွေများ မှားနေလို့ ကိုကို အဲ့လောက်စိတ်တိုနေရတာလဲ .. သွန်းမခ တော့ နားကိုမလည်တော့ဘူးး "



သူမြတ်မင်းကို ဆိုတာ သွန်းမခ ငယ်ငယ်လေးတည်းက အနိုင်ယူတတ်ခဲ့တဲ့သူတစ်ယောက်...

မိဘတွေရင်းနှီးလို့ ခင်တာထက် ပိုတဲ့ သံယောဇဉ်တွေရှိတဲ့ သွန်း သိပ်ချစ်ရတဲ့ ကိုကို...

သွန်းထက် အသက် ၄ နှစ်လောက်ကြီးပြီးး သွန်း အဖြစ်ချင်ဆုံးဆရာဝန်ဖြစ်၇ဖို့ အများကြီး ကူညီထောက်ပံ့ပေးခဲ့သူ....

အနေအေးပြီးး သွန်းအတွက် နဲ့ မျက်နှာတစ်ချက် မညှိုးဘူးတဲ့သူက.. ခုတော့..

အ၇မ်းပေါက်ကွဲ ဒေါသထွက်နေတာ.. သွန်းမခ အတွက် ပထမဆုံး မြင်ဘူးခြင်းပါပဲ...



" အေး.. ဟုတ်ပြီ ဒေါ်သွန်းမခ.. ကိုကို မင်းကို မေးမယ်"

" ကိုကို နုရည် ကိုလက်ထပ်လိုက်ရင် မင်းတကယ်စိတ်ချမ်းသာမှာလား? .. နောက်ပြီးး မင်းပါးစပ်က ကိုကို့ ကိုချစ်ပါတယ်ဆိုတဲ့စကား ဘယ်လိုခံစားချက် ဘယ်လိုနှလုံးသားနဲ့များ မင်းပြောလိုက်တာလဲ ?... "

" မင်း.. ကိုယ့်မျက်လုံးတွေကို သေချာကြည့်ပြီး အဲ့ဒီစကားတွေကို ပြန်ဖြေစမ်းပါ.. သွန်းရဲ့စိတ်ချမ်းသာမှုအတွက် တစ်ခြားမိန်းမကိုလက်ထပ်ပေးပါလို့.. ငါ့မျက်နှာကို သေချာကြည့်ပြီးး ထပ်ပြောစမ်းပါ... သွန်းမခ၇ယ်... "
" ဖြေလေ.. သွန်းးး ... ကိုယ်မေးနေတယ် "



ကိုကို့မျက်လုံးတွေက အရမ်းနီရဲပြီးး သွန်းပခုံးနှစ်ဖက်ပေါ်ကို လက်တွေက အရမ်းတုန်ရီနေသည်။

သွန်း ... ဒီ ၇ နှစ်တာကာလအတွင်းး ကိုကို အရမ်းပေါက်ကွဲတာ ဒါပထမဆုံးမြင်ဘူးခြင်းပဲလေ...



" ဒီမယ်.. ကိုကို အဲ့ဒီအဖြေတွေဘယ်တော့မှရှိလာမှာမဟုတ်သလို ဘယ်တော့မှလဲဖြစ်လာမှာမဟုတ်ဘူးး။ သွန်းမခ ဆိုတာ လိုချင်တာကို မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ မိန်းကလေး ဆိုတာ ကိုကို သိပြီးသားပါ .။ အဲ့တော့ ကိုကို မမနုရည် ကို လက်ထပ်ရမယ် ။"

" အဲ့ဒါ သွန်းရဲ့စိတ်ချမ်းသာမှုပဲ .. ကိုကို ပြင်ဆင်ခွင့်မရှိတဲ့ သွန်းရဲ့ တောင်းဆိုမှုပဲ "

" ဒါနောက်ဆုံးစကားပဲ.. သွန်းမှာ ဘာမှထပ်ပြောစရာ မ၇ှိတော့ဘူး ကိုကို "

" ကောင်းပြီလေ.. သွန်းမခ " ...... " မင်းဘက်ကတောင် ပြတ်သားနေပီပဲ. ... မင်း စိတ်ချမ်းသာစေရမယ် .. သွန်းး "

ဒီနေရာ.. ဒီထိုင်ခုံ .. ဒီကန်နံဘေးလေးဟာ သွန်းမခ ဆိုတဲ့ မိန်းကလေးကပဲ သူမြတ်မင်းကို ဆိုတဲ့ ယောက်ျားတစ်ယောက်ကို အနိုင်ယူနေကျ...

ခုတော့... ကိုကို သွန်းကို ထားခဲ့ပြီး လှည့်ထွက်သွားခဲ့သည်..။ မသွားပါနဲ့ .. သွန်းမှာ ပြောစရာတွေရှိနေပါတယ်လို့ တားလိုက်ဖို့ နှုတ်ခမ်းတစ်စုံက တိတ်ဆိတ်နေခဲ့သည်.။

စကားလေးတစ်ခွန်းအတွက်နဲ့ ကိုယ့်အချစ် ကိုယ့်နှလုံးသားကို လိမ်ညာခဲ့တဲ့ မိန်းမတစ်ယောက် ဖြစ်ခဲ့ပြီ.။

လူတစ်ယောက်စကားတွေရဲ့ လိမ်ညာမှုကို မျက်လုံးတွေကနေ အဓိပ္ပါယ်ဖော်လို့ရတယ်ဆိုတာ ကိုကို့ကို မရိပ်မိစေချင်လို့.. သွန်းမျက်လုံးတွေကို အတ္တတွေ မာန တွေနဲ့ လိမ်ညာခဲ့မိပြီလားးးးးး !!

စိတ်ချပါ .. ကိုကို .... သွန်းမခ ဟာ ကိုယ့်ကို အထင်မကြီးတဲ့ ယောက်ျားတစ်ယောက်ရဲ့ ရှေ့မှာ အချစ်အတွက် ဘယ်တော့မှ မျက်ရည်ကျမဲ့ မိန်းကလေး မဖြစ်စေရဘူး ..

သွန်း ဘယ်လောက်ချစ်တဲ့ ယောက်ျားဖြစ်နေပါစေ... သွန်းဘ၀ ကို နားမလည်ပေးတတ်တဲ့ ယောက်ျားတစ်ယောက်ကိုလက်ထပ်ရလောက်အောင် သွန်းမခ ဆိုတဲ့ မိန်းမက လှောင်အိမ်ထဲကငှက်တစ်ကောင်မဟုတ်တာ.. ကိုကိုသိပါလေစ။။။။



ဒီလိုနဲ့ရက်တွေ ဖြတ်သန်းလာခဲ့လိုက်တာ သွန်းမခတောင် Final Part 1 စာမေးပွဲ ဖြေပီးခဲ့ပြီ..။ ကိုကိုဆီက အဆက်သွယ်မရခဲ့တာ တစ်လကျော်ခဲ့ပြီ .။ သွန်းမခ ဟာမာနကြီးတတ်တဲ့ ကလေးမမှန်း ကိုကို သိနေရက်နဲ့ သွန်းကို အဆက်အသွယ်ဖြတ်ထားခဲ့တာဟာ ကိုကိုတစ်ယောက် သွန်းကို စိတ်နာသွားခဲ့ခြင်းလားး .. ???



ဒီဇင်ဘာ 8 ရက်.. စနေနေ့

ကိုကို့မွေးနေ့ ရောက်ရန် ၇ ရက်အလို ။

နေ့တစ်နေ့တာဖြတ်သန်းမှုတွေက ခုတလော သွန်းအတွက် လန်းဆန်းတတ်ကြွမှုမရှိသလို......


## Somebody need you... Somebody miss u .. Somebody dream about you every single night .. ##



ဒီ Ringtone အသံဟာ သွန်းမခအတွက် ရင်ခုန်သံတွေကို လှုပ်ရှားစေသည်.။ တစ်လကျော်မှ ပြန်ကြားရတဲ့ ကိုကို တစ်ဦးတည်းအတွက်ဖန်တီးထားတဲ့ Ringtone လေ.။



" Hello .. သွန်း.. နေကောင်းတယ်နော် "

" စာမေးပွဲကော ဖြေနိုင်လား .. သွန်း " " ဟုတ်ကဲ့.. ကိုကို "



ကိုကို အသံတွေက ကျောင်းအတူတူတတ်ခဲ့ကြတဲ့ကာလတစ်ခုက သွန်းအပေါ်ကို ဂရုစိုက်ကြင်နာခဲ့တဲ့ အချိန်တွေကို သတိရစေသည်.။



" အင်းး ကိုယ်လဲ မေမေ့စီးပွားရေးကိစ္စတွေရှုပ်နေတာနဲ့ သွန်းကို ဖုန်းမဆက်ဖြစ်တာတောင်ကြာခဲ့ပြီ .။ ကြီးကြီးမေခင် ကော နေကောင်းတယ်မို့လား .. သွန်း "

" ဟုတ်ကဲ့ .. ကိုကို .. နေကောင်းကြပါတယ်.. " " ဒါနဲ့ သွန်းဆီ ဖုန်းဆက်တဲ့အကြောင်းရင်းက .... "

" အော်အေး .. နောက်အပတ် ကိုကို့မွေးနေ့လေ .. အဲ့ဒါ အရင်နှစ်တွေလိုပဲ မွေးနေ့ပါတီလေးကို သွန်းစိတ်ကြိုက်စီစဉ်ပေးဖို့လေ .. ဒါပေမဲ့ ဒီနှစ်ကို ကိုကိုခြံထဲမှာပဲ မွေးနေ့ပွဲလေး ကျင်းပချင်တယ် .."

" အဲ့ဒါ သွန်း စီစဉ်ပေးဖို.. တောင်းဆိုတာပါ .. "

" သွန်းက ကိုကို မွေးနေ့တောင် မေ့နေပြီလားကွာ. "



" မဟုတ်ပါဘူး .. ကိုကို ....

ကိုကို့အတွက် အရမ်းကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်ရဲ့ စီစဉ်ပေးမှုမျိုးမလိုအပ်တော့ဘူး ထင်လို့ပါ... "

" အော် .. သွန်း ရယ် .. "

" OK.. ကိုကို .... သွန်း မနက်ဖြန်မနက် ကိုကို အိမ်ကိုလာခဲ့ပါ့မယ်..

" ကျေးဇူး .. သွန်းး .. Good Night နော် "



ကိုကို့ခြံထဲဝင်လိုက်တော့ .. သွန်းမရင်းနှီးတဲ့ Corolla Altis အဖြူရောင်ကားလေးတစ်စီးးး

ဧည့်ခန်းထဲဝင်တော့ ကိုကို့ဖေဖေက သတင်းစာဖတ်နေသည် ..



" Morning Uncle .. ကိုကို အိပ်ရာထပီလားဟင် ... "

ပုံမှန်ဆို Sunday တိုင်း ကိုကို အိပ်ရာထ နောက်ကျတာ သွန်းသိတယ်လေ.။



" သမီးလေးသွန်း .. အိမ်မလာတာတောင်ကြာပီနော်.. " ... " သမီး ကိုကို မီးဖိုခန်းထဲမှာ မနက်စာ စားနေလေရဲ့ဗျာ. "

" ဟုတ်ပါ့ .. အန်ကယ် .. သွန်းလဲ စာမေးပွဲတွေနဲ့ အလုပ်၇ှုပ်နေလို့ပါ.. "

" သွန်း.. ထမင်းစားခန်းထဲ သွားလိုက်ဦးမယ်နော်.. အန်ကယ် " ... " အေးအေးး သွန်းလေး " ....



ထမင်းစားခန်းထဲဝင်လိုက်တော့... သွန်း ထင်မှတ်မထားတဲ့ မြင်ကွင်းတစ်ခု .. ကိုကိုနဲ့အတူ မနက်စာစားနေတဲ့ မမနုရည် ..

သွန်း ခြေလှမ်းတွေ ရပ်တန့်သွားသည် .။ မနက်နေရောင်ခြည်တို့က သွန်းအတွက် မှောင်မိုက်သွားသလိုပင်.၊



" ကိုကို .. "

" သွန်းေ၇ာက်လာပြီလားး . ကိုကိုက နေ့လည်လောက်မှ ရောက်လာမယ်ထင်နေတာ အိပ်ပုတ်မလေးကို .... ဟားဟားး "



သွန်း မျက်လုံးတို့ရဲ့ ၀မ်းနည်းခြင်းဆိုတဲ့အ၇ာတွေကို အတ္တတွေနဲ့ ခဏတာထိန်းချုပ်ရမည်.။ မမနုရည်နဲ့အတူ မနက်စာစားနေသော ကိုကို့မေမေကို နှုတ်ဆက်လိုက်သည်.၊

“ အန်တီမြ နေကောင်းတယ်နော် “

“ သွန်းလေးရယ်.. အန်တီတို့အိမ်ကို မလာတာတောင် အတော်ကြာပြီနော် .။ .. အန်တီက သားသူမြတ်နဲ့ စိတ်ကောက်နေတယ်ထင်နေတာ “ ။။

“ ဟုတ်ပါဘူး အန်တီမြရယ်.. သွန်း စာမေးပွဲဖြေနေရလို့ပါ” …

“ အေးပါကွယ်.. သွန်းလေးကို အန်တီမြ အမြဲသတိရပါတယ်..ဒါနဲ့ သွန်း မနက်စာ စားလိုက်လေ.. နုရည်လေးက သူမြတ် ရှမ်းခေါက်ဆွဲကြိုက်မှန်းသိလို့

လာပို့ပေးတာတဲ့ .. သမီးပါ တစ်ခါတည်းစားလိုက်လေ “

“ သွန်း မစားတော့ပါဘူး အန်တီ … “

“ သွန်း စားလေ.. မမနုရည်က သွန်းအတွက်ပါ ပိုချက်လာတာပါကွယ်… သူမြတ်က ဒီမနက် သွန်း အိမ်ကို လာလိမ့်မယ်လို့ ကြိုပြောထားတာလေ..

ဒါကြောင့် သွန်းလဲ ရှမ်းခေါက်ဆွဲကြိုက်မှန်းသိလို့ မမ ပိုချက်ခဲ့တာပါ .. သွန်းရဲ့ .. စားနော် .. မမပြင်ပေးမယ်.. “

“ ဟုတ်ဟုတ် .. မမနုရည် .. သွန်း စားပါ့မယ်.. “

မမနုရည်ပြောတဲ့စကားအရဆို ကိုကို က မမနုရည်ကို သွန်းလာမယ်ဆိုတာ သိလို့ တမင်ခေါ်ထားတာများလား??

ရှမ်းခေါက်ဆွဲတစ်ဇွန်းဝင်လိုက်တိုင်း ရင်ထဲမှာနင့်နေအောင်ခံရခက်လှသည် .။

သွန်းမခ မျက်လုံးတွေထဲက လိုချင်တဲ့ အဖြေကို လုံးဝရှာမတွေ့စေရဘူးး ကိုသူမြတ်မင်းကိုရယ်….

“ ကဲ.. ကိုကို နဲ့ မမနုရည်… သွန်းစားပြီးပြီဆိုတော့… သွားတော့မယ်.. ။ သွန်း အခု ကမ္ဘာအေးဘက်က Fancy Shop ဆိုင်မှာ မွေးနေ့အတွက်လိုတာတွေသွားမှာမယ်.။ ညနေ ပစ္စည်းတွေလာပို့တဲ့အခါ အန်တီမြ လက်ခံထားပေးဦးနော်.။ သွန်းလိုက်မလာတော့ဘူး .”

“ ကိုကို .. ဘယ်လိုဒီဇိုင်း ဘယ်လိုအရောင်မျိုးကို ရွေးချယ်ချင်လဲ .? “

“ သွန်းသဘောပါ .. သွန်းရွေးချယ်မှုကို ကိုကို သဘောကျမှာပါ.” .. “ ကိုကို တို့မလိုက်တော့ဘူးနော်… နုရည်ကို ဒီနေ့ ဘုရားလိုက်ပို့ပေးမယ် ပြောထားလို့. သွန်း .. ဖြစ်တယ်မို့လား “

“ သိပ်အဆင်ပြေတာပေါ့ ကိုကို .. မမနုရည်ကိုသာ လိုက်ပို့ပေးလိုက်ပါ. “ “ ကဲ .. သွန်း သွားပြီ .. “

မမနုရည်.. အန်ကယ်.. အန်တီ တို့ကို နှုတ်ဆက်ပြီး သွန်းထွက်လာခဲ့သည် ။. ကားဘီးလေးက တလှိမ့်လှိမ့်ထွက်ခွာလာပေမဲ့ သွန်းစိတ်တွေက အလိုမကျခြင်း ပူလောင်ခြင်းတို့ဖြင့် ကိုကို့ အိမ်မှာကျန်နေခဲ့သလို.။

အော်… အချစ်ရဲ့ ပူလောင်ခြင်း ဆိုတာကို သွန်း ခံစားလိုက်ရသလိုပါပဲ .. အချစ်ရဲ့ သ၀န်တိုမှုဆိုတာကို သွန်းထိတွေ့ခဲ့ရသလိုပါလားး

သွန်းအကြိုက်ဆုံး အပြာနုရောင်နဲ့ ကိုကိုအကြိုက်ဆုံး Light Purple လေးတွေပဲ မွေးနေ့ပြင်ဆင်ဖို့ရွေးချယ်ဖြစ်ခဲ့သည်.။ ပစ္စည်းတွေကို Delivery ပို့ရန် ကိုကို့အိမ်လိပ်စာပေးလိုက်ပြီး သွန်းရဲ့ ကိုကို့အတွက် မွေးနေ့လက်ဆောင်ပြင်ဆင်ဖို့ ပြည်လမ်းပေါ်က ကေခိုင်ရဲ့ဆိုင်ကို ဦးတည်လိုက်သည်.။

ကေခိုင်က သွန်းမခရဲ့ အချစ်ဆုံးသူငယ်ချင်းး .. ကိုကို နဲ့ သွန်းရဲ့ ပတ်သက်မှုတွေကို အားလုံးသဘောပေါက်နားလည်တဲ့သု.. ကျောင်းတစ်ဖက်တတ်ရင်း

သူမ၀ါသနာပါတဲ့ Hair Saloon နဲ့ Beauty Product တွေကို ဖြန့်ချီရောင်းချပေးနေတဲ့ Business Girl ပေါက်စလေးး ..။

“ အယ် . မိသွန်းမခ .. ရှင် အသက်ရှိသေးတယ်နော်.. ကေခိုင်ဆီကို လာတယ်ဆိုတော့ ကိုသူမြတ်အတွက် လက်ဆောင်မှ ဟုတ်ပါလေစ .”

“ ဟဟ ။။ ဒါပေါ့ ကေခိုင်ရယ်.. “

“ ကေခိုင် .. Aqua Di Gio Men က အနံ့အမျိုးအစားဘယ်လောက်ရှိလဲ .. ကေခိုင်ဆိုင်မှာ ပြောတာ…။ “

“ အင်း .. ကေခိုင် ဆိုင်မှာတော့ အမျိုးသားအတွက် အနံ့ ၅ မျိုးပဲရှိတယ်.. သွန်း “

“ အိုကေ.. သွန်းကို အဲ့ဒီ ၅ မျိုးလုံးကို ဟော့ဒီက Light Purple Paper နဲ့ ပါကင်လှလှလေးထုတ်ပေး .. တစ်ပုလင်းစီနော်..ကေခိုင် “

“ နောက်ပြီး .. ဟော့ဒီ Feather တွေအကုန်လုံးကို Gio Armani Lady တစ်ပုလင်းလုံး အနံ့လေးမွှေးနေအောင် စိမ်ပေးပါ. “

“ ပြီးရင် .. အဲ့ဒီ ရေမွှေးနံ့စွဲထင်နေတဲ့ Feather တွေအကုန်လုံးကို ဒီ Box လေးထဲမှာ ခင်းပေးပြီး ပါကင်ထုတ်ထားတဲ့ ရေမွှေး ၅ ပုလင်းကို သေချာလေး ထည့်ပေးနော်… “ … “ အားလုံး ပြီးရင် Box ရဲ့ Lock ကို 369 လို့ Privacy ထားပေးပါ .. ၊ ဟုတ်ပြီလားး !! အဲ့ဒါတွေဖြစ်အောင်လုပ်ပေး မိကေ .. သွန်း လိုချင်တယ်။။ “

“ ဒီမယ် .. မိသွန်းး .. နင်တစ်ခုခုဖြစ်လာပြီမို့လား ? .. ဘယ်တုန်းကမှ ကိုသူမြတ်ကို Perfume ၀ယ်ပေးဖို့မတွေးခဲ့တဲ့ မိန်းမတစ်ယောက်.. ရေမွှေးပေးတာဟာ တစ်ဦးနဲ့တစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေကို ပျက်ပြယ်စေနိုင်တယ်လို့ သိတဲ့ ယုံတဲ့ နင့်လို မိန်းကလေးက ကိုသူမြတ်ကို ရေမွှေးပေးတယ်ဆိုတော့ တစ်ခုခုတော့ မှားနေပြီထင်တယ်.. မိသွန်း “

“ နင်ဟာ .. တစ်ခြားမိန်းကလေးတွေလို ကိုယ်ခံစားရတဲ့ အရာတွေကို ရင်ဖွင့်ပြောပြလေ့မရှိတဲ့လူဆိုတော့ ကေခိုင်ဇွတ်မမေးပါဘူး … သွန်းဘာတွေဖြစ်ခဲ့ဖြစ်ခဲ့… ကေခိုင်တစ်ခုတော့ ပြောပြချင်တယ်.. “

“ အချစ်ကိုမညာပါနဲ့.. လှည့်စားဖို့လဲ မကြိုးစားနဲ့ .. အတ္တတွေနဲ့ ဖုံးဖို့လဲ မကြိုးးစားနဲ့..”

“ ကိုယ် သေချာရေရာမသိတဲ့ စကားတစ်ခွန်းကြောင့် နင့်အဃာတတွေနဲ့အချစ်ကို အရောင်မဆိုးလိုက်နဲ့.. မိသွန်း “ နောက်ပြီးး သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ အချစ်ရဲ့ ကံကြမ္မာကို နင် မလှည့်စားနဲ့.. “

“ ကေခိုင်… နင် အချစ်ဆိုတာ… ယုံကြည်စရာကောင်းလို့လားး ?.. ယောကျာ်းတွေကကော အဲ့ဒီအချစ်ကို တန်ဖိုးထားတတ်ခဲ့ကြလို့လား.. သွန်း မမ က သက်သေပဲလေ.. .. နောက်ပြီးး သွန်း ကံကြမ္မာကို သွန်းကိုယ်တိုင်ပဲ ဖန်တီးမယ်.. ကျန်တာတွေ သွန်းနားမလည်ချင်ဘူး ကေခိုင် . “

“ သွန်း… မမယွန်းဝတီဟာ သူ့ဘ၀ရဲ့ကံကြမ္မာတစ်ခုကြောင့် သစ္စာမရှိတဲ့ယောက်ျားတစ်ယောက်အတွက် အသက်ဆုံးရှုံးခဲ့ရတာကို နင်အရမ်း Sensitive မဖြစ်သင့်ဘူးလေ… နင့်ခံစားချက်ကို ကေခိုင် နားလည်ပါတယ်.. ဒါပေမဲ့.. နင်ချစ်တဲ့ ကိုသူမြတ်ကတော့ အဲလို အမျိုးသား မဟုတ်ဘူးလို့ ကေခိုင် ယုံကြည်တယ်။။။ မိသွန်းး “

“ အဲ့ဒီတော့ .. နင် အရာရာကို အတ္တတွေရှေ့တန်းတင်ပြီး ဖြစ်ချင်တာရအောင်လုပ်တတ်တဲ့ စိတ်ကို သေချာဆန်းစစ်တော့ မိသွန်းး .. ငါ ဒါပဲ အကြံပေးချင်တယ်… မဟုတ်ရင် .. နင် တစ်နေ့ အချစ်အတွက် အရမ်းနောင်တရ ခံစားရလိမ့်မယ်… “

“ အိုကေ .. မိကေ စကားတွေအတွက် သွန်းကျေးဇူးတင်ပါတယ်… ခုတော့ သွန်း ဖြစ်ချင်တာကို အမှားအယွင်းမရှိပြင်ဆင်ပေး.. သွန်း Hair Colour ပြောင်းရင်း စောင့်မယ်နော်.. ကေခိုင် “….

မှန်ပါတယ်… ကေခိုင်ပြောတာတွေ တကယ်ကိုမှန်ပါတယ်… ဒါပေမဲ့လေ.. သွန်းလေ အချစ်မှာမကျရှုံးချင်ဘူးးး

ဒီဇင်ဘာ ၁၅ ရက်နေ့…

တစ်မနက်လုံး မွေးနေ့ပွဲအတွက် ပြင်ဆင်နေရင်းး သွန်း အလုပ်တွေရှုပ်နေခဲ့သည်.။။ နေ့လည် ၁ နာရီထိုးတော့.. သွန်း အိမ်ပြန်ဖို့ ကိုကို့ဆီ Message ပို့လိုက်သည်.။

>> ကိုကို .. သွန်း အိမ်ပြန်သွားပြီ.. ညနေ 6 နာရီလောက်မှ သွန်းပြန်လာခဲ့မယ်.. “

ကိုကို Message ချက်ချင်း reply တော့ .. သွန်း မှန်းဆရခက်သော စကားလုံးမျာနှင့်….

<< OK . သွန်းး .. ညနေ 5:30 လောက် ကိုကို သွန်း ကိုလာခေါ်မယ်.. သွန်း ကားမယူခဲ့နဲ့တော့.. သွန်း ကို ကိုကို ပြောစရာရှိတယ်.. “ ..

… … .. …. ….

ညနေ 5:15 ..

ကိုကို သွန်း ကိုလာခေါ်သည်.. ကိုကို့ ကားလေးက ပြည်လမ်းပေါ်မှာ ဖြေးဖြေးလေးလိမ့်နေသည်…

သွန်းလဲ ဘာမှမမေးဖြစ်သလို .. ကိုကိုလဲ ဘာမှမပြောဖြစ်ခဲ့ကြ… မိနစ် 20 လောက်မောင်းပြီးတော့ ကိုကို့ကားလေးက သွန်းအကြိုက်ဆုံး အမျိုးသမီး Shoe Brand တွေစုထားတဲ့ Shoe Gallery တစ်ခုရှေ့မှာရပ်လိုက်သည်.။ သွန်း နားမလည်ပေ.. ဘာအတွက်နဲ့ ဒီဆိုင်ကို ခေါ်လာတာလဲ. ?

“ သွန်း.. Living Room မှာ ခန ထိုင်စောင့်ပေး.. ကိုကို ပစ္စည်းမှာထားတာ ၀င်ယူဦးမယ်နော်. “

“ OK.. ကိုကို… “

သွန်း သိလိုက်ပါပီ… မမနုရည်အတွက် ကိုကို ဖိနပ် မှာပေးထားတာလို့ပဲ …. ကိုကိုကတော့ ကောင်တာက မိန်းကလေး ခေါ်သွားတဲ့ နေရာနောက်လိုက်သွားလေရဲ့… သွန်းကတော့ ..ဧည့်ခန်းမှာပဲ ကိုကို့ ကို စောင့်နေလိုက်သည်.။ ခနကြာတော့ လက်ထဲမှာ သွန်းအနှစ်သက်ဆုံး GUCCI ဖိနပ်ပုံးလေး တစ်ပုံးကိုင်ပြီးး ကိုကို ပြန်လာသည်… သွန်းလဲ ကားဘက်ဆီပြန်သွားဖို့ မတ်တပ်ရပ်လိုက်တော့..

“ သွန်းး ခဏထိုင်ပါဦးး .. ကိုကို ပြောစရာရှိတယ်. ဒီနေ့ ကိုကို့မွေးနေ့အတွက် အစစအရာရာ ပြင်ဆင်ပေးခဲ့တဲ့သွန်းအတွက် ကိုယ် လက်ဆောင်တစ်ခု ပြင်ထားခဲ့တာ.. သွန်းလဲ နှစ်သက်မယ်ထင်ပါတယ်.. “

“ အခု .. သွန်း စီးလာတဲ့ ဖိနပ်ကို ဒီဖိနပ်လေးနဲ့ လဲစီးပေးပါ့လား.. သွန်းး “

ကိုကိုက ဖိနပ်ပုံးကို ဖွင့်လိုက်သည်…

အို .. သွန်းအကြိုက်ဆုံး Pencil Heel ပုံစံကို ဖိနပ်တစ်ခုလုံး ငွေရောင်တွေနဲ့ တောက်ပဆုံး ဒီဇိုင်းးးး

ကိုကိုက သူကိုယ်တိုင် ဖိနပ်ကို ကြိုးသိုင်းဖို့ ပြင်တော့..

“ နေပါစေ.. ကိုကို .. သွန်းဘာသာ စီးပါ့မယ်… “

“ ခဏငြိမ်နေလိုက်ပါ .. သွန်းး .. “ .. “ သွန်း ရေးခဲ့တဲ့ ၀တ္ထုတွေထဲက < ချစ်သူဖန်ဆင်းပေးသော ခြေလှမ်းများ > ၀တ္ထုကို သွန်း မှတ်မိမှာပေါ့့….”

သိပ်မှတ်မိတာပေါ့ .. ကိုကို ရယ်… ချစ်သူနှစ်ဦးကြား ကောင်လေးက သူ့ချစ်သူကောင်မလေး ဘယ်တော့မှ သူ့ဘေးကထွက်ပြေးမသွားအောင် သူကိုယ်တိုင် ဖိနပ်လေးတစ်ရံကို စီးပေးပြီး လက်ထပ်ခွင့်တောင်းခဲ့တာလေ..

အဲ့ဒီ ၀တ္ထုထဲမှာ .. သွန်း ပေးခဲ့တဲ့ အဓိက Message လေးက .. ချစ်သူကောင်မလေးကို ဖိနပ်လက်ဆောင်ပေးထာဟာ ကောင်လေးတစ်ယောက်ရဲ့.. သူ့ကောင်မလေးအပေါ် ဘ၀အတွက် အလေးထားမှု… ကိုယ်တိုင်ကိုယ်ကျ ဖိနပ်စီးပေးတယ်ဆိုတာ.. ချစ်သူမိန်းကလေးအပေါ်ဘယ်လောက် တန်ဖိုးထားမြတ်နိုးတယ် … ဘယ်တော့မှထွက်ပြေးမသွားဘို့တောင်းဆိုတယ် လို့.. ရေးခဲ့တာလေ…

ဒါပေမဲ့ ကိုကို.. အဲ့ဝတ္ထုဟာ .. သွန်းအတွက် ဘယ်တော့မှ လက်တွေ့ဘ၀မှာ တကယ်ဖြစ်မလာစေဘူးလို့ သွန်းယုံကြည်တယ်…

“ ကျေးဇူး .. ကိုကို.. ဖိနပ်လေးက သိပ်ချစ်စရာကောင်းပါတယ်.. သွန်း အရမ်းသဘောကျပါတယ်. “

“ ကဲ.. ကိုယ်တို့သွားရအောင် … “

ကားလေးက ဗဟန်းဘက်က ကိုကို့အိမ်ကို ဦးတည်နေသည်...

ကိုကိုက သွန်းကြိုက်တဲ့ ဒဏ်ရာမဲ့အနာ သီချင်းကို ဖွင့်ထားသည် ..

" သွန်း .. ကိုကို နေ့လည်က နုရည်ကို စေ့စပ်ခွင့်တောင်းခဲ့ပြီ .. သွန်းစိတ်ချမ်းသာတယ်မို့လား !! ကိုကို ပြောစရာရှိတယ်ဆိုတာ အဲ့ဒါပဲ သွန်း " ....

ဘာပြန်ပြောရမှန်း စကားလုံးမရှိတော့တာလား .. သွန်းတန်ဖိုးထားတဲ့ ကြွေရုပ်လေးတစ်ရုပ် ကွဲကျသွားသလိုမျိုး ... သွန်း .. နင်လုံးဝ မျက်ရည်မကျပါနဲ့ .. အချစ်ဆိုတာ အပေါ်ယံပဲ .. နင် အခု ခံစားနေရတာ ချစ် လို့မဟုတ်ပါဘူး ... နင် ဖြစ်ချင်တာ အခု နင်လုပ်နိုင်ပြီပဲ ... နင် .. သူမြတ်မင်းကို ကို အနိုင်ရနေပီလေ ...

" အို .. ကိုကို တကယ်ပြောတာလား .. သွန်း ဝမ်းသာလိုက်တာ ... မမနုရည်ဟာ ကိုကို့နဲ့ အရမ်းလိုက်ဖက်တဲ့ မိန်းကလေးပါ ... ကိုကို့မွေးနေ့ဟာ ခုတော့ ပိုပြည့်စုံသွားပြီပေါ့ " Congratulations ko ko !!!

" ကျေးဇူး .. သွန်း .. မင်းလေး ပေးတဲ့ဆု ကိုယ် ပြည့်ဖို့ကြိုးစားပါ့မယ် !!"

နှစ်ဦးသားပြောစရာတွေစွံ့အနေတဲ့ ကားလေးတစ်စီး တစ်ရှိန်ထိုး ဦးတည်ရာမဲ့ပြေးနေသလို....
မာန နဲ့ အတ္တတွေ ရှေ့တန်းတင်ထားတဲ့ကားလေးရဲ့ အဆုံးသတ် နားခိုရာကဘာလဲ ???

မွေးနေ့ပွဲလေးဟာ အရင်လိုမဟုတ်ဘဲ ကိုကိုရဲ့ဇနီးလောင်းလေးနဲ့ ပိုအသက်ဝင်နေသလိုပါပဲ ...သွန်းအတွက်တော့ ဖြစ် ချင်တာတွေဖြစ်လိုက်ရလို့ ဝမ်းသာနေပေမဲ့ ကေခိုင်ပြောသလို တစ်ခုခုမှားနေပီလား ??? အို .. သွန်းမမှားဘူး .. သွန်းမခဟာ ဘယ်တုန်းကမှ အချစ်မှာ မကျရှုံးခဲ့ဘူး .....

Party ပွဲလေးပီးတဲ့အထိ သွန်း အားလုံး ပြင်ဆင်စီစဉ်ပေးခဲ့ပြီး ၃ နာရီလောက်မတ်တပ်ရပ်နေတဲ့ ခြေဖဝါးလေးက ဖိနပ်အသစ်ကြောင့် သွေးခြေဥနေပီလေ .. အရမ်းကိုနာကျင်မိပါတယ် ... ကိုကို့အတွက် ပြင်ထားတဲ့ မွေးနေ့လက်ဆောင်ကို ကိုကို့အခန်းထဲမှာပဲ အန်တီမြကို အကူအညီတောင်းပီး ထားခဲ့လိုက်သည် ...
" ကိုကို .. သွန်း ပြန်တော့မယ် .. အိမ်က driver လာခေါ်ပေးနေပီ .. ကိုကို မမနုရည်ကို ပြန်လိုက်ပို့ပေးလိုက်လေ ... သွန်း အရမ်းပင်ပန်းနေလို့ ပြန်တော့မယ်နော် " ....

" မင်း .. အဆင်ပြေရဲ့လား သွန်း "

" သိပ် အဆင်ပြေပါတယ် .. ကိုကို .. ကဲ မမနုရည် သွန်းပြန်ပီနော် .. '"
----- ---- -----
အရာအားလုံးက နေသားတကျ ဖြစ်တည်လာခဲ့တာ .. သွန်း သြစတြေးလျကိုရောက်နေခဲ့တာ ၁နှစ်နဲ့ ၈လရှိခဲ့ပြီ ..
သွန်းလဲ အရင်ကထက်စာရင် တော်တော်ရင့်ကျက်လာပီဆိုရမယ် ...
သွန်းဘယ်ရောက်နေမှန်း ကိုကို မသိခဲ့သလို .... သိနေခဲ့ရင်တောင် ကိုကို အဆက်အသွယ် မလုပ်နိုင်သော ကံကြမ္မာကို သွန်း ဖန်တီးခဲ့တာလေ .....
ကိုကို အမုန်းဆုံးက ကိုယ့်မွေးရပ်ကို စွန့်ခွာပြီး သူများနိုင်ငံသားခံယူလိုက်ခြင်းဟာ ကိုကို ဘယ်လိုမှ နားလည်ခွင့်လွှတ်ပေးမည်မဟုတ်တဲ့ အခြေအနေလေ .....

သွန်းပြောခဲ့ပါတယ် ... ကိုကို
ကံကြမ္မာဆိုတာ ကိုယ်တိုင်ဖန်တီးတဲ့အရာပါလို့.......


Charlotte (13/12/14)

စင်္ကာပူ Work Permit and Passes အကျဉ်းချုပ်

စင်္ကာပူ Work Permit and Passes အကျဉ်းချုပ်
----------------------------
စင်္ကာပူနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် ဘယ်လိုအလုပ်မျိုးတွေ အခွင့်အလမ်းရ လုပ်ကိုင်နိုင်လဲမပြောခင် အရေးကြီးဆုံးဖြစ်တဲ့ နေထိုင်ခွင့် Pass တွေအကြောင်းရေးပါရစေ ။
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ မည်သည့်နိုင်ငံခြားသားမဆို အလုပ်မ၀င်ခင်နဲ့ အလုပ်လုပ်ခွင့် ပါမစ်ကဒ်မရခင်မှာ (Work visa) လို့လူသိများတဲ့ Pass ရှိနေရပါမယ် ။
အလုပ်ရှင်တွေဟာ သူတို့ခန့်အပ်လိုက်တဲ့နိုင်ငံခြားအလုပ်သမားအတွက် Pass တစ်ခုလျှောက်ပေးရပါမည်။
လျှောက်တဲ့အခါ အလုပ်ရှင်ကပေးတဲ့လစာနဲ့ နိုင်ငံခြားအလုပ်သမားရဲ့ ပညာအရည်အချင်း အတွေ့အကြုံပေါ်မူတည်ပြီး Pass တွေဟာ အမျိုးမျိုးကွဲခြားသွားခြင်းဖြစ်ပါတယ် ။ စင်္ကာပူအစိုးရရဲ့စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့အညီ ဘယ်လိုအရည်အချင်း ၊ ဘယ်လိုအနေအထားတွေဟာ ဘယ်လို pass မျိုးကို လျှောက်ထားနိုင်တယ်ဆိုတာ အကျဉ်းချုံးဖော်ပြပါရစေ။
www.mom.com.sg မှာ Work Permit and Passes တွေအကြောင်း လေ့လာကြည့်တဲ့အခါ နိုင်ငံခြားသားအလုပ်သမား အလုပ်လုပ်နေထိုင်ခွင့်နဲ့ပတ်သက်ပြီး နယ်ပယ် ၅ မျိုးခွဲခြားပေးထားပါတယ် ။
၁- Professionals (ပညာရှင်အဆင့်ကျွမ်းကျင်အလုပ်သမားများ)
၂- Skilled and Semi-skilled workers (သက်ဆိုင်ရာအလုပ်အတွက် သင့်လျော်သော အရည်အချင်းကျွမ်းကျင်မှု နှင့် အသိအမှတ်ပြုလက်မှတ်ရှိသော အလုပ်သမားများ)
၃- Trainees and Students (ကျောင်းသားများနှင့် လေ့လာသင်ယူသူများအတွက်)
၎- Family Members (မိသားစုဝင်များအတွက်)
၅- Exemptions and working while on a visit pass (ခေတ္တလာရောက်သော နိုင်ငံခြားသားများအတွက်) ဆိုပြီး အပိုင်း ၅ ပိုင်းခွဲကာ ဘယ်လိုလူမျိုး ဘယ်လိုအရည်အချင်းတွေဟာ ဘယ် pass ကိုလျှောက်ထားရမယ်ဆိုတာ ဖော်ပြထားပါတယ်။
အဓိကအားဖြင့် စင်္ကာပူနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်သော နိုင်ငံခြားအလုပ်သမားများအတွက် စင်္ကာပူအစိုးရက ထုတ်ပေးသော Work Pass ၈ မျိုးအကြောင်းကို ပြောရလျှင် ..
1. Employment Pass
2. Entre Pass
3. Personalised Employment pass
4. S Pass
5. Work Permit
6. Work Permit for Foreign Domestic Workers (FDW)
7. Dependant’s Pass
8. Miscellaneous Work Pass
Employment Pass (EP)
နိုင်ငံခြားသားပညာရှင်တစ်ယောက်အတွက် EP လျှောက်ထားမည့်အခါ လျှောက်ထားသူသည် စင်္ကာပူနိုင်ငံမှာနေထိုင်အလုပ်လုပ်ကိုင်ပြီး လစာ အနည်းဆုံး စင်္ကာပူဒေါ်လာ ၃၃၀၀ (အချိန်ပို ၊ စုကြေး ၊ အထူးခံစားခွင့် မပါ) ရရှိရသူဖြစ်ရမည်။ ပညာရှင်အဆင့် (မန်နေဂျာရာထူး ၊ အင်ဂျင်နီယာရာထူး ၊ သက်ဆိုင်ရာပညာရှင်အဆင့်ရာထူး) နယ်ပယ်မှာ အလုပ်လုပ်သူဖြစ်ရမည်။ EP လျှောက်ထားတဲ့အခါ လစာအပြင် အတွေ့အကြုံ အရည်အချင်းရှိ အလုပ်သမားဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထားတွေဟာ အရေးကြီးပါတယ်။
Enter Pass
Enter pass နဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် မည်သည့်နိုင်ငံခြားသားမဆို စင်္ကာပူအစိုးရတရားဝင်ခွင့်ပြုချက်ရ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူတွေအတွက် လျှောက်ထားနိုင်တဲ့ pass ဖြစ်ပါတယ်။ ကော်ဖီဆိုင် ၊ ကာရာအိုကေဆိုင် ၊ Bar ၊ Night Club ၊ အနှိပ်ခန်း ၊ ရိုးရာဆေးဆိုင် ၊ ငွေလဲလုပ်ငန်း စသည့် အလုပ်မျိုးအတွက် Enter Pass လျှောက်ခြင်းကို (လုံးဝ) လုံးဝ ခွင့်ပြုမည်မဟုတ်ပါ။ ထိုလုပ်ငန်းများမှလွဲပြီး အခြားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသည့် နိုင်ငံသားတိုင်း စင်္ကာပူအခြေစိုက် ဘဏ်တစ်ခုတွင် အနည်းဆုံးငွေပမာဏ စင်္ကာပူဒေါ်လာ 50,000 (Bank Statement) တင်ပြနိုင်လျှင် လျှောက်ထားခွင့်ရရှိမှာဖြစ်ပါတယ်။
Personalised Employment Pass (PEP)
PEP ဟာ EP အမျိုးအစားတစ်ခုပါပဲ။ ဒါပေမယ့် အဆင့်မြင့်ပညာတတ်ကျွမ်းသူတွေ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အရည်အချင်းသာလွန်ပြည့်ဝသူတွေ မန်နေဂျာရာထူးလိုမျိုးအထူးကျွမ်းကျင်တတ်မြောက်သူတွေ လျှောက်ထားနိုင်ပါတယ်။ EP နဲ့ PEP ကွဲပြားချက်ကတော့ EP ကို ကုမ္ပဏီကလျှောက်ထားပေးတာဖြစ်ပြီး အလုပ်ထွက်တဲ့အခါ ကုမ္ပဏီကို ပြန်အပ်ရပါတယ်။ ဒါမှမဟုတ် ကုမ္ပဏီအသစ်အမည်နဲ့ အသစ်ပြန်ပြောင်းလျှောက်ရပါမယ် ။ PEP ကတော့ အလုပ်မလုပ်သည့်တိုင်အောင် (အလုပ်လက်မဲ့ဖြစ်နေသော်လည်း) နောက်ဆုံးလုပ်ခဲ့သည့်ကာလမှစတင်ပြီး အနည်းဆုံး ၆ လအတွင်း နေထိုင်အလုပ်ရှာ ထပ်မံလျှောက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။ နောက်တစ်နည်းဆိုရရင် အလုပ်မရှိဘဲ အများဆုံး ၆ လ နေထိုင်ခွင့်ရရှိပါတယ် ။ အလုပ်ရသွားပြီဆိုရင်လဲ အခြား Pass တစ်ခု ထပ်မံအသစ်လျှောက်စရာ အစားထိုးစရာ မလိုဘဲ အသစ်ပြောင်းလိုက်သော ကုမ္ပဏီ အလုပ်ရှင်အပြောင်းအလဲကိုသာ MOM သို့ အကြောင်းကြားရမှာဖြစ်ပါတယ်။ PEP ရဲ့ထူးခြားချက်တစ်ခုက စင်္ကာပူမှာအလုပ်မလုပ်ဘူးသော်လည်း အခြားနိုင်ငံတွေမှာ စင်္ကာပူဒေါ်လာ 18,000/month နဲ့ညီမျှတဲ့လစာရထားသူတွေ လျှောက်ထားနိုင်ပါတယ်။ အထူးသတိပြုရမှာကတော့ PEP ကိုင်ဆောင်ထားသူဟာ အသေးစားစီးပွားရေးလုပ်ငန်း ၊ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းမျိုး စင်္ကာပူမှာလုံးဝလုပ်ကိုင်ခွင့်မရှိပါဘူး ။
S PASS
အများစုသိကြတဲ့အတိုင်း မြန်မာတွေ အများဆုံးကိုင်ဆောင်ထားကြတဲ့ Pass တစ်ခုပါပဲ။ ပညာအရည်အချင်းအသိအမှတ်ပြု ဒစ်ပလိုမာ ၊ ဘွဲ့တစ်ခုခု ရထားပြီး သက်ဆိုင်ရာအလုပ်အတွက် သင့်တင့်လျောက်ပတ်တဲ့ အတွေ့အကြုံ ၊ အရည်အချင်း ကျွမ်းကျင်မှုအပေါ်မူတည်ပြီး အနည်းဆုံးလခ တစ်လလျှင် စင်္ကာပူဒေါ်လာ ၂၂၀၀ ရရှိသူတွေကို Spass ချပေးပါတယ်။ တစ်ချို့အတွက်လည်း Spass ရဖို့ ခက်ခဲတယ်လို့ကြားဘူးပါတယ်။ ဥပမာ အင်ဂျင်နီယာဘွဲ့ရထားတဲ့သူတစ်ယောက်က အလုပ်ရပြီးရောဆို ကိုယ်နဲ့မသက်ဆိုင်သော အလှပြင်ဆိုင်မှာလိုမျိုးဝန်ထမ်းလျှောက်တဲ့အခါ Spass ရဖို့ အဆင်မပြေနိုင်ပါဘူး ။
Work Permit (WP)
WP နဲ့ အလုပ်လုပ်သူအများစုဟာ အထွေထွေလုပ်သားများဖြစ်ကြပါတယ်။ အခြေခံပညာအရည်အချင်းအရ S Pass လျှောက်ရန် အရည်အချင်းမပြည့်မီသူ ၊ လစာ စင်္ကာပူဒေါ်လာ ၁၈၀၀ အောက်ရရှိသူတွေကို WP သာလျှောက်ထားပေးနိုင်ပါတယ်။ Work Permit ကိုင်ဆောင်သူ လုပ်သားတိုင်းရဲ့ ကျန်းမာရေး နေထိုင်ရေး အခွင့်အရေး စတာတွေကို ကုမ္ပဏီကတာဝန်ယူပေးရပါတယ်။ WP ကိုင်ဆောင်ထားသူ တစ်ဦးသည် မိမိ ကိုင်ဆောင်ထားသည့် Work permit ထဲတွင် ဖော်ပြ ထားသော လုပ်ငန်း အမျိုးအစား တစ်ခုထဲတွင်သာ လုပ်ပိုင်ခွင့် ရှိပါသည်။ Construction Industry မှ လုပ်သားတစ်ဦးသည် Marine Industry တွင် သွားလုပ်လို့ မရ။ အပြန်အလှန် သင်္ဘောကျင်း မှ အလုပ်သမား တစ်ဦးကို ဆောက်လုပ်ရေး တွင် တွေ့ရှိပါက ဖမ်းလို့ ရသည်။
Work Permit for Foreign Domestic Workers (FDW)
ဒီ Pass ကို FDW လို့အတိုကောက်ခေါ်ဆိုလေ့ရှိပါတယ်။ FDW ကတော့ နိုင်ငံခြားကနေ စင်္ကာပူသို့ အိမ်အကူလာလုပ်တဲ့သူတွေအတွက် အိမ်ရှင်က လျှောက်ပေးရတဲ့ အမျိုးအစားဖြစ်ပါတယ်။ စင်္ကာပူကို ပထမဆုံးအကြိမ် အိမ်အကူလာလုပ်မဲ့သူတစ်ယောက်သည် အနည်းဆုံး အသက် ၂၃ နှစ်မှ အများဆုံး ၅၀ ကြားဖြစ်ရပါမယ်။ ပညာအရည်အချင်းသည်လည်း အနည်းဆုံး ၈ နှစ်ပညာသင်ကြားခဲ့သူဖြစ်ရမယ်လို့ ဆိုထားပါတယ်။ Work Permit နှင့် FDW passes တွေအတွက် Dependant’s Pass လျှောက်ထားခွင့်မရှိပါ။
Dependant’s Pass
EP နှင့် လစာ စင်္ကာပူဒေါ်လာ ၅၀၀၀ အနည်းဆုံးရ S Pass ကိုင်ဆောင်သူတွေသည် အိမ်ထောင်ဘက် ၊ အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိသားသမီးတွေအတွက် Dependant’s Pass လျှောက်ထားနိုင်သည်။ Dependant’s Pass ကိုင်ဆောင်ထားသူသည် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်မရှိပါ။ အကယ်၍ EP ကိုင်ဆောင်သူဧ။် ဇနီး သားသမီးများအနေဖြင့် Letter of Consent လျှောက်ထားပြီး LOC ရရှိပါက အလုပ်လုပ်၍ ရနိုင်ပါတယ်။
Miscellaneous Work Pass
စင်္ကာပူသို့ အကြောင်းကိစ္စတစ်ခုဖြင့်ရက်တိုလာရောက်မည့်သူများအတွက် လျှောက်ထားပေးနိုင်သည်။ ဥပမာ သက်ဆိုင်ရာနယ်ပယ်အသီးသီးအတွက် Seminar , Conference တတ်ရောက်ခြင်း ၊ ဘာသာရေး သာသနာရေးပွဲများသို့တတ်ရောက်ခြင်း ၊ စာနယ်ဇင်း သတင်းထောက် ကိစ္စများနှင့်ပတ်သက်ပြီး လာရောက်ခြင်းများအတွက် ထို Pass ကိုလျှောက်ထားပေးနိုင်ပါသည် ။ မိမိတို့ကိစ္စများအတွက် ထို Pass ဖြင့် စင်္ကာပူနိုင်ငံတွင် ရက် ၆၀ သာ နေထိုင်ခွင့်ပြုချက်ရမည် ဆိုထားသည်။ သတိပြုရန်မှာ နိုင်ငံခြားသား အနုပညာရှင်များအနေဖြင့် မိမိတို့ အနုပညာပိုင်းဆိုင်ရာ သရုပ်ပြမှုများကို Night Club, Hotel , စားသောက်ဆိုင်များတွင် ကျင်းပပြုလုပ်ပြသမည်ဆိုပါက Work Permit for Performing Artiste သာ ရရှိမည်ဖြစ်ပါသည်။
မိမိကိုယ်တိုင်ပဲ လျှောက်ရသည်ဖြစ်စေ.. ကုမ္ပဏီမှလျှောက်ပေးသည် ဖြစ်စေ ဗဟုသုတတစ်ခုဖြစ်စေရန်အလို့ငှာ လက်လှမ်းမှီနားလည်သမျှ စင်္ကာပူနိုင်ငံတွင် နိုင်ငံခြားသားများအတွက် နေထိုင် အလုပ်လုပ်ကိုင်ခွင့်နှုင့်ပတ်သက်ပြီး စုစည်း ဖော်ပြပေးလိုက်ပါတယ်။ အားလုံး အလုပ်အကိုင်အခွင့်အလမ်းအဆင်ပြေကြပါစေ။
EP နှင့် S PASS လျှောက်ထားရန် မိမိရရှိထားသော အရည်အချင်းအတွေ့အကြုံများနှင့် သင့်တော် မတော် အောက်ပါ link မှာ စစ်ဆေးနိုင်ပါသည်။ http://www.mom.gov.sg/…/employment-s-pass-self-assessment-t…

Charlotte (28/12/15)

စင်္ကာပူ Work Permit မှသည် S Pass ဆီသို့..

စင်္ကာပူ Work Permit မှသည် S Pass ဆီသို့..
~~~~~~~~~~~~~~~~~~~~~~
WP (work permit) ကနေ S Pass ပြောင်းချင်လို့ ဘာတွေလိုအပ်လဲ ၊ ဘာအထောက်အထားတွေ တင်ပြဖို့လိုအပ်လဲ ၊ မိမိကိုယ်တိုင် ဘယ်လိုအရည်အချင်းတွေထပ်ပြီး လေ့လာဆည်းပူးဖို့လိုအပ်လဲဆိုတာ မရေးခင် S Pass တစ်ယောက်ရဲ့ စင်္ကာပူအစိုးရကသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ ပြောပြပါရစေ။
S pass လျှောက်ထားလိုသူတစ်ဦးဟာ
၁ - လစာ အနည်းဆုံး S$ 2,200 ရရှိရမည်။
၂ - ပညာအရည်အချင်း ဒီပလိုမာလက်မှတ် (or) ဘွဲ့လက်မှတ်တစ်ခု တင်ပြနိုင်ရမည်။
၃ - သက်ဆိုင်ရာလုပ်ငန်းပိုင်းမှာလဲ လက်ရှိအထူးကျွမ်းကျင်လုပ်ကိုင်နေသူ အတတ်ပညာရှင် ဖြစ်ရပါမည်။
WP ကိုင်ဆောင်ထားသူ လုပ်သားတစ်ဦးဟာ S pass အဆင့်တိုးပြောင်းချင်သည်ဆိုလျှင်
(ပထမအဆင့်အနေနဲ့)
မိမိရဲ့ လက်ရှိအလုပ်အကိုင် ၊ လစာ ၊ ရရှိခဲ့သော ပညာအရည်အချင်း ၊ ပညာသင်ကြားခဲ့သော နေရာဒေသ ၊ ဘာသာရပ် ၊ အချိန်ပြည့် (သို့) အချိန်ပိုင်း စသည်တို့ကို သေချာဖြည့်ပြီး MOM website ရဲ့ Self Assessment Tool (http://www.mom.gov.sg/…/employment-s-pass-self-assessment-t… ) မှာ ၀င်ရောက်စစ်ဆေးနိုင်ပါတယ်။ S Pass လျှောက်ရန် အရည်အချင်းပြည့်မှီ မမှီကို ချက်ချင်းအဖြေသိနိုင်ပါတယ်။
(အဖြေက အရည်အချင်းပြည့်မှီပြီဆိုကြပါစို့ ..)
အလုပ်ရှင်ကို မိမိရဲ့အရည်အချင်း စည်းမျဉ်းများသည် S Pass ရရန်သင့်လျော်သည့်အတွက် လျှောက်ပေးရန်တောင်းဆိုနိုင်သည်။ ဒီနေရာမှာ တစ်ခု သတိပြုရမှာက အလုပ်ရှင်သည် S Pass ရလဒ် Approve မဖြစ်မချင်း လုပ်သားရဲ့ Work Permit ကို cancel မလုပ်ရပါဘူး ။ WP ကိုင်ဆောင်ထားသူ လုပ်သားသည်လည်း ပါမစ် သက်တမ်းရှိနေသေးသမျှ စင်္ကာပူနိုင်ငံတွင် နေထိုင်ခွင့်ရနေပါတယ်။
အကယ်၍ Work Permit သက်တမ်းသည် S Pass လျှောက်နေစဉ်ကာလအတွင်း (Pending) ဖြစ်နေစဉ်ကာလအတွင်း ကုန်ဆုံးနေလျှင် ထို WP ကိုင်ဆောင်သူလုပ်သားသည် မိမိနိုင်ငံသို့ ခေတ္တပြန်လည်နေထိုင်ရမည်ဖြစ်ပါသည်။ စင်္ကာပူတွင် နေထိုင်ခွင့်လုံးဝခွင့်မပြုပါ။ ဒါကြောင့် အလုပ်ရှင်အနေနဲ့လည်း Work Permit ကုန်ဆုံးရက်ကိုကြည့်ပြီး သက်တမ်းအရင်တိုးသင့် မတိုးသင့်စစ်ဆေးပြီးမှ S Pass လျှောက်သင့်ပါသည်။
Work Permit ကိုင်ဆောင်ထားသူများ S Pass အဖြစ်တိုးမြင့်လျှောက်လိုပါက အထက်ပါသက်မှတ်ချက်များနှင့်ကိုက်ညီရန် လိုအပ်ပါသည်။ ဒါ့အပြင် လက်ရှိလုပ်ကိုင်နေသော သက်ဆိုင်ရာလုပ်ငန်းခွင်မှာ အတတ်ပညာရှင် (Technician)အမျိုးအစား လုပ်နေလျက် အတွေ့အကြုံ အနည်းဆုံး ၅ နှစ်နီးပါးရှိထားလျှင် S Pass ရရန် အခွင့်အရေးများသည်ဟု ကြားသိဘူးပါတယ်။
မြန်မာပြည်ကနေ မည့်သည့်ဒီပလိုမာ ၊ အသိအမှတ်ပြုလက်မှတ်များ မရခဲ့ပေမဲ့လည်း WP ကနေ S pass ပြောင်းဖို့ အခွင့်အရေး မလွယ်ကူနိုင်ဘူးလို့ မထင်ပါနဲ့ ။
ဒီ လင့်မှာ https://www.bcaa.edu.sg/…/certification-courses-for-tradesm…
နိုင်ငံခြားလုပ်သားတွေအတွက် စင်္ကာပူနိုင်ငံအသိအမှတ်ပြု အထူးကျွမ်းကျင်မှုနည်းပညာဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တွေကိုဘယ်လိုသင်ယူရရှိနိုင်မလဲဆိုတာ လေ့လာနိုင်ပါတယ်။
ကုန်ထုတ်လုပ်ငန်း (Manufacturing)၊ ၀န်ဆောင်မှု လုပ်ငန်း(Services)၊ ဆောက်လုပ်ရေး လုပ်ငန်း (Construction) နှင့် သင်္ဘောကျင်း လုပ်ငန်း (Marine) စတဲ့ နယ်ပယ်အသီးသီးမှာရှိနေကြတဲ့ WP ကိုင်ဆောင်ထားသူတွေအတွက်လည်း အထက်က Link မှာ မိမိတိုးတတ်ရာလမ်းစတစ်ခုအတွက် နည်းပညာပိုင်းဆိုင်ရာ စင်္ကာပူနိုင်ငံအသိအမှတ်ပြုလက်မှတ်များရရှိရန်ကြိုးစားနိုင်ပါတယ်။
မိမိအားတဲ့အချိန်လေးတွေကိုလုပြီး မိမိတိုးတတ်ရာလမ်းကြောင်းတွေရှာဖွေနိုင်ကြပါစေ။
ဒီပိုစ့်လေးဟာ အကူအညီပေးတဲ့သဘောထက် အကြံဥာဏ်လေးအဖြစ်သက်ရောက်သွားတယ်ဆိုရင်ကို ကျေနပ်မိပါတယ်။

Charlotte
29/12/15

စင်္ကာပူနိုင်ငံကျန်းမာရေး အာမခံလုပ်ငန်း စပ်စုမိသမျှ ....

စင်္ကာပူနိုင်ငံကျန်းမာရေး အာမခံလုပ်ငန်း စပ်စုမိသမျှ ....

ကျန်းမာရေး အာမခံ အကြောင်း စိတ်ဝင်စားမိတာ ကြာပါပြီ။
မြန်မာ လူမျိုး အများစုက အာမခံ လုပ်ငန်းတွေ နဲ့ သိပ်ရင်းနှီးလေ့ မရှိကြပါဘူး။ ပြည်တွင်းက လူတွေရော ပြည်ပရောက် နေသူတွေပါ အာမခံ လုပ်ငန်းတွေ ပေါ်လစီ တွေ နဲ့ စိမ်းနေကြပါသေးတယ်။ ကျမလည်း တယောက် အပါအ၀င်ပေါ့။
စင်ကာပူရောက်ပြီး တော်တော်ကြာတဲ့ အထိ ဘာအာမခံပေါ်လစီ မှ မ၀ယ်ထားပါဘူး။ မြန်မာလူမျိုးပဲ တို့ တွေ တသက်လုံး အာမခံ ထား
တလောက သူငယ်ချင်း တစ်ယောက် နေမကောင်း ဖြစ်ပါသည်။ သာမန် နေမကောင်း ဖြစ်သည် ဆိုခြင်း ထက် အသဲအသန် ဟု သုံးလျှင် ပိုမှန်ပါလိမ့်မယ်။ ၀မ်းဗိုက်မှ အလွန်အမင်း နာကျင်ခြင်း ။
တစ်နာရီခန်. အတွင်း လူနာတင်ကားနှင့် ဆရာဝန် တစ်ဦး ရောက်လာပါသည်။ သူစမ်းသပ် ကြည့်ပြီး လူနာတင်ကားနှင့် သူငယ်ချင်းကို ခေါ်ဆောင် သွာပါသည်။ သင့်လျော်သော ဆေးရုံသို. ပို.ဆောင်ပေးပြီး တစ်ပတ်အတွင်း ဆေးကုသမှု ခံယူကာ ပြန်ဆင်းလာနိုင်ပါသည်။ သူငယ်ချင်းအား လူနာ သွားကြည့်ရင်း.. မြေအောက်ရထားခ၊ ရေပုလင်း ၀ယ်ယူခမှ အပ ငွေကြေး တစ်ပြားမှ စိုက်ထုတ်လိုက်ရခြင်း မရှိပါ။ ဒါက ကျန်းမာရေးအာမခံဝယ်ယူထားခြင်းရဲ့ အကျိုးကျေးဇူး ဖြစ်ပါတယ်။
အဲ့ဒီ ကျတော့မှ ဆေးကုသစားရိတ် ကြီးတဲ့ စင်ကာပူလို နေရာမျိုးမှာ ကျန်းမာရေး အာမခံ ရှိသင့်တယ် ဆိုတာ သေသေချာချာ သဘောပေါက်လာပါတယ်။ လူတိုင်းလည်း ထားသင့်တယ် လို့ လည်း ထင်ပါတယ်။
ကြတာမှ မဟုတ်တာ ဆိုပြီး နေလိုက်တာပါပဲ။
ဒါနဲ့ပဲ လက်လှမ်းမှီ သမျှ စင်ကာပူက ကျန်းမာရေး လုပ်ငန်းတွေ ပေါ်လစီတွေ အခြား သိသင့်တဲ့ အချက်အလက်တွေကို စုံစမ်းဖြစ်ခဲ့ပါတယ်။
ကျန်းမာရေး အာမခံ ထားမယ်လည်း ဆိုရော ပြောပြပေးမယ့် သူမရှိ အကြံပေးတဲ့ သူမရှိ နဲ့ ဗဟုသုတ ကလည်း မပြည့်စုံတော့ တော်တော်ပဲ အခက်တွေ့ ပါတယ်။ ဒါနဲ့ ထုံးစံအတိုင်း အင်တာနက်ပဲ အားကိုးရ ပြန်ပါတယ်။ ရှာရင်းဖွေရင်း လေ့လာရင်း နဲ့ တော်တော်တန်တန် သိလာပါတယ်။ ဒါပေမယ့် အချို့  အချက်တွေကို တော့ နားမလည်သေးပါဘူး ။
တကယ်တော့ ကျန်းမာရေး အာမခံ စနစ်ဆိုတာ တခြားအာမခံ စနစ်တွေ လိုပါပဲ။ ကံကြမ္မာကို အလောင်းအစားထပ်လိုက် ခြင်းသာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ငွေကြေး ပမာဏ တစ်ခုကို ပေးသွင်းရမယ်။ အချိန်ကာလ တစ်ခုအတွင်း နာမကျန်း ဖြစ်ခဲ့လျင် ငွေကြေး အလျော်ရမယ်။ မြတ်ချင်လည်း မြတ်နိုင်တယ်ပေါ့။ မဖြစ်ခဲ့လျင်လည်း ကိုယ် စုဆောင်ပေးသွင်းလိုက်တဲ့ ငွေက တခြားသူတွေ နာမကျန်း ဖြစ်တဲ့ လူတွေ အတွက် အကျိုးရှိတာပဲ မဟုတ်လား
စိတ်ထားတတ်ရင် ကုသိုလ်ပါ ရနိုင်သော အလုပ်ဖြစ်သည်။
လူတစ်ဦးနှင့် တစ်ဦး ခံစားရသော ရောဂါ မတူညီသလို ကုသစရိတ် ခြင်းလည်း ကွဲပြားမှာ တွေးကြည့်စရာ မလိုသော အချက် ဖြစ်သည်။ ရောဂါ ကို အစိုးရဆေးရုံမှာ ကုသခြင်းနှင့် ပုဂ္ဂလိက ဆေးရုံမှာကုသ ခြင်း စရိတ်လည်း မတူညီမှာ အမှန်ပင်။ ပြီးတော့ နှစ်ပေါင်းများစွာ ကုသရမယ့် နာတာရှည် ဝေဒနာများအတွက် ပေးလျော်ရရင်ကော......အာမခံ လုပ်ငန်း အရှုံးပေါ် ဒေ၀ါလီခံ သွားရဖို.သာ ရှိပါသည်။ ဒီတော့ ကျန်းမာရေး အာမခံ လုပ်ငန်း သည် တာဝန်ယူပေးလျော်သော ရောဂါ အမျိုးအစားအလိုက် ကွဲပြားမှုလည်း ရှိသည်။ တာဝန်ယူသော ကာလလည်း ကန်.သတ်မှု ရှိသည်။ စည်းကမ်း သတ်မှတ်ချက်တို. များပြားလှပါသည်။
ကျန်းမာရေး အာမခံ ဆိုတာ နယ်ပယ် သိပ်ကျယ်ဝန်းတော့ သူတို့ က အပိုင်းတွေ ခွဲချလိုက်ပါတယ်။ ယေဘုယျ ပြောရရင် ဆေးရုံတက် ရင် ကုန်ကျစားရိတ်တွေ အတွက် ထားကြတဲ့ ဆေးရုံတက်စားရိတ် အာမခံ (Hospitalization Insurance) က အခြေခံပါပဲ။ နောက်တဆင့် ကျတော့မှ အခြား ကာကွယ်မှုတွေ ဖြစ်တဲ့ ဆေးရုံတက်နေတုန်း ပိုက်ဆံ ပေးမယ့် အာမခံတို့ ။ နာတာရှည်ဖြစ်ရင် ကုပေးမယ့် အာမခံ တို့ ။ ပြင်းထန်တဲ့ ရောဂါကြီး ၃၀ အတွက် အထူးသီးသန့်  အာမခံ တို့  အဲသလို တွေ ခွဲထားကြပါသေးတယ်။ စင်္ကာပူမှာ ပြင်းထန်တဲ့ေ၇ာဂါကြီး ၃၀ ဆိုပြီး သီးသန့်ခွဲခြားသတ်မှတ်ထားပါတယ်.။
စင်ကာပူ မှာ အာမခံ ကုမ္ပဏီတွေ အများကြီးပါပဲ။ စင်ကာပူ နာမည်ကြီး ဂရိတ် အိစတန် (Great Eastern)၊ စလုံး အခြေစိုက် NTUC Income ၊ ဗြိတိန် က Prudential၊ ကနေဒါ က Manulife၊ ပြင်သစ် AXA၊ ယူကေ ကပဲ ဖြစ်တဲ့ Aviva ၊ နောက် အမေရိကန် က AIA နဲ့ အခြား အများကြီး ရှိပါသေးတယ်။
ကျန်းမာရေး အာမခံ ကုမ္ပဏီတွေ မှာ CPF အဖွဲ့ အစည်းက Medisave အသိအမှတ် ပြု နဲ့ အသိအမှတ် မပြု သော ဆိုပြီး လည်း ရှိတယ်။ အများအားဖြင့် ကတော့ စီပီအက်ဖ် Medisave အသိအမှတ်ပြု တွေ များပါတယ်။
Madisave (CPF) အသိအမှတ်ပြု ပီအာ နဲ့ နိုင်ငံသား ဆိုရင် စီပီအက်ဖ် ထဲကနေ အခြေခံ အာမခံ ကို ၀ယ်လို့ ရမယ် ဆိုတာမျိုးပါ။
စင်ကာပူ က ဆေးရုံတက်စားရိတ် ကျန်းမာရေး အာမခံ တွေက ကိုယ်ဆေးရုံတက်လို့  ပေးရမယ်ဆိုရင် ပေးရတဲ့ ငွေကို အဆင့်တွေ ခွဲပေးထားပါတယ်။ ကနဦး ကိုယ်တိုင် ပေးရမယ့် Deductible အဆင့် ရယ် ။ အဲ့ဒီ ကနဦး ပေးငွေ ကို နှုတ်ပြီး ကျန်တဲ့ ပိုက်ဆံ ရဲ့ ဆယ်ရာခိုင်နှုန်း စားရိတ်မျှပေးရတဲ့ Co-Insurance အဆင့်ရယ်။ ကျန်တာကို မှ အာမခံ အဖွဲ့အစည်းက ပေးရတဲ့ Insure Payable အဆင့်ရယ် ဆိုပြီး ရှိပါတယ်။
ဥပမာ ဆေးရုံတက်လို့  ငွေ ၁၀၀၀၀ (တစ်သောင်း) ကုန်ကျတယ် ဆိုပါစို့ ၊ အဲ့ဒီမှာ ကနဦး ကိုယ်ပေးရငွေကို ၀ယ်ထားတဲ့ ပေါ်လစီ ပေါ်မူတည်ပြီး အနည်းဆုံး ၁၅၀၀ ကနေ အများဆုံး ၃၀၀၀ လောက် အထိဖြတ်ပါတယ်။ ၃၀၀၀ ပဲ ထားပါ။ အဲ့ဒီ ၃၀၀၀ ကို ကိုယ်က ကနဦး (Deductible) ပေးရပါမယ်။
တစ်သောင်း ထဲက သုံးထောင် နှုတ် တော့ ကျန်တဲ့ ၇၀၀၀ ရဲ့  ဆယ်ရာခိုင်နှုန်း ဖြစ်တဲ့ ၇၀၀ (ခုနှစ်ရာ) ကို Co-Insurance စားရိတ်မျှပေး အနေတဲ့ ကိုယ်ကပေးရပါဦးမယ်။ ကျန်တဲ့ ၆၃၀၀ ကိုမှ အာမခံ အဖွဲ့ အစည်းက ပေးမှာပါ။ ကိုယ်က ၃၇၀၀ ပေးရပါတယ်။ ဒါက အခြေခံ ၀ယ်ထားတဲ့ ကျန်းမာရေး အာမခံပါ။
ကိုယ်က အဲသလို ပေးရတဲ့ ကနဦး ပေးငွေတွေ မပေးချင်ဘူး ဆိုရင် နောက် ထပ် အဆင့်မြင့် အာမခံ တမျိုး ထပ်ဆောင်း ၀ယ်ရပါတယ်။ အာမခံကုမ္ပဏီဆိုင်ရာအလိုက် Rider ရိုက်ဒါ တို့  Pluse ပလပ်စ် တို့  အမျိုးမျိုးခေါ် ကြပါတယ်။ အဲ့ဒီ အာမခံကို ၀ယ်ရင် အပေါ်ကပြောခဲ့သလိုမျိုး ဆေးရုံတက် ကုန်ကျစားရိတ်မှာ ၃၀၀၀ ကို သူတို့ က ထပ်ပေးသွားပေးပါတယ်။ ဆိုတော့ ၉၃၀၀ ကို အာမခံ အဖွဲ့ အစည်းက ပေးသွားမှာပါ။ ကိုယ်ကတော့ ဆယ်ရာခိုင်နှုန်း စားရိတ်မျှပေးတဲ့ ၇၀၀ အဆင့်လေးပဲ ပေးရတော့မှာပါ။
အဲ့ နောက်တဆင့် အဲ့လို စားရိတ်မျှပေးတဲ့ အဆင့်ကိုယ် တောင်မှ မပေးချင်ဘူး ဆိုရင်လည်း နောက် တမျိုး ထပ်တိုး လို့  ၀ယ်လို့ ရပါသေးတယ်။ အချို့  ကုမ္ပဏီတွေ ကျတော့လည်း အဲ့လို ကနဦး ပေး ငွေ အဆင့် နဲ့ ထပ်ဆောင်း ပေးငွေ အဆင့် ကို ပေါင်းထားတဲ့ ဟာမျိုးလည်း ရောင်းပါသေးတယ်။ အဲ့လို မျိုး ကိုယ်က တပြားမှ ပေးစရာ မလိုတော့ တာမျိုးကို သူတို့  အခေါ် Full Coverage လို့ ခေါ်ကြပါတယ်။
အချို့  သော အာမခံ ပေါ်လစီ တွေမှာကျတော့ စ၀ယ်ကတည်း က အားလုံး ဖူးကာဗာရေ့ခ်ျ အကာအကွယ်ပေးတဲ့ ဟာမျိုးပဲရောင်းတာပါ။ ခေါင်းစား စရာ တွက်စရာမလို တော့ဘူးပေါ့။
စင်ကာပူ မှာလည်း ကျန်းမာရေး အာမခံကို ၆ မျိုး အသေးစိတ်ထပ်မံပြီး ခွဲထားပါသေးတယ်။
၁) MediShield
၂) Medical Expense Insurance
၃) ElderShield
၎) Critical Illness Insurance
၅) Disability Income Insurance
၆) Long-Term Care Insurance
အဲ့ဒီထဲမှာ အဓိက မရှိမဖြစ် ၀ယ်ထားသင့်တာကတော့ နံပါတ် ၂ မယ်ဒီကယ် အိပ်စ်စပန့် အာမခံ (Medical Expense Insurance) ပါ. သူက အခု ပြောနေရေးနေတဲ့ ဆေးရုံတက်စားရိတ် အာမခံပါပဲ၊
စင်ကာပူဆေးရုံတွေမှာ အစိုးရက ထိန်းကျောင်းထားတဲ့ အစိုးရပိုင်ဆေးရုံ တွေနဲ့ ပုဂ္ဂလိက ပိုင်ဆေးရုံဆိုပြီး အဓိကအားဖြင့် ၂ ပိုင်းခွဲထားပါတယ်။ အစိုးရပိုင် ဆိုတာမျိုးက ထုံးစံအတိုင်း သက်သာတတ်ပါတယ်.
အချို့  အာမခံတွေမှာ ကိုယ်ဝယ်ထားတဲ့ အဆင့်ပေါ်မူတည်ပြီး
အစိုးရ နဲ့ ပုဂ္ဂလိက ဆေးရုံတွေ ဘယ်မှာပဲ တက်တက် အကုန်ပေးမယ် ။
အစိုးရ ဆီမှာ အကုန်ပေးပြီး ပုဂ္ဂလိက ဆေးရုံမှာ တက်ရင် ၆၅ ရာနှုန်းပဲပေးမယ် ။
အစိုးရ ဆီမှာပဲ တက်ခွင့်ရှိမယ် ဆိုတာမျိုး ကွဲပါသေးတယ်။
အမျိုးသမီး တွေ ကိုယ်ဝန်ဆောင်တဲ့ အခါ ပုံမှန် သားဖွား ခြင်းကို မိန်းမ သဘာဝ ဖြစ်တဲ့အတွက် ကုန်ကျစားရိတ် (မီးဖွားစားရိတ်) ကို အာမခံတော်တော်များများက မပေးပါဘူး။
ကိုယ်ဝန်ဆောင် အာမခံ ပေါ်လစီ သပ်သပ်ရှိတာဆိုလို့  AXA တခုပဲတွေ့ မိပါတယ်။ သူက အမိ ရော အဖပါ သူ့ ဆီမှာ အာမခံ ထားရမယ်. ဒါဆို မိခင် ကိုယ်ဝန်ဆောင် ကုန်ကျစားရိတ်ကို သပ်သပ်ဝယ်လို့ ရပါတယ်။
လူနာတင်ကား ခေါ်ရင် ဘယ်လောက်အထိ ပေးမယ်။ ကင်ဆာဖြစ်ရင် တနှစ်ကို ဘယ်လောက် အထိ ကုသပေးမယ်။ ကျောက်ကပ် ဆေးရင် ဘယ်လောက် ဆိုတာမျိုးတွေ ကိုယ်ဝယ်ထားတဲ့ အာမခံ အဆင့်အလိုက် သတ်မှတ်ပေးထားတာ ရှိပါတယ်။
များသော အားဖြင့် ဆေးရုံ တက်တဲ့အခါ အရေးပေါ်လို မဟုတ်တဲ့ ကိစ္စမျိုးတွေမှာ ဆရာဝန်တွေ နဲ့ ရက်ချိန်းကြိုယူရပါတယ်။ အဲ့လို ဖြစ်ရပ်မျိုးမှာ ဆေးရုံမတက်ခင် အာမခံ ကုမ္ပဏီကို ကြိုတင် အကြောင်းကြားပြီး ထောက်ခံစာ Letter of Guarantee တောင်းထားရင်၊ အဲ့ဒီစာနဲ့ ဆေးရုံသွားတဲ့အခါ စဘော်ငွေ ပေးစရာမလိုတတ်ပါဘူး။ ဒါကြောင့် ဒါမျိုးတွေကိုလည်း အာမခံ မ၀ယ်ခင်သေချာမေးဖို့ လိုပါတယ်။ အရေးပေါ် ဗြုန်းစားကြီး ဖြစ်သွားရင် ရော ဘယ်လို ဘယ်နည်း ပိုက်ဆံသွင်းမလဲ၊ ဒါမှမဟုတ် အဲ့လို အရေးပေါ်ဖြစ်ရပ်တွေမှာ အာမခံ ကုမ္ပဏီက ဆေးရုံနဲ့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်ပေးမယ် ဆိုတာမျိုးတွေလည်း မေးဖို့ မြန်းဖို့  လိုအပ်ပါလိမ့်မယ်။
တကယ်ကတော့ ကျန်းမာရေး အာမခံ ထားတယ်ဆိုတာ လောင်းလိုက်တာပါပဲ။ ကိုယ့်မကျန်းမာမှုကို အာမခံ ၀ယ်ပြီး ဆေးရုံတက်ရ မတက်ရ လောင်းတာပါပဲ။ ကျန်းမာရေး အာမခံ မှာ ဆေးရုံတက်ရပြီး ပိုက်ဆံ ကုန်တဲ့အခါ ကိုယ်မြတ်တယ်သဘောဆိုနိုင်သလို….. ကိုယ်ကျန်းမာပြီး ဆေးရုံမတက်ရတော့ ကိုယ်ရှုံးတယ်လို့ မတွက်ဘဲနဲ့ ကိုယ့်ပေးထားတဲ့ ပိုက်ဆံ နဲ့ သူများ နာမကျန်းဖြစ်တဲ့သူတွေကို ဆေးအလှုလုပ်ပေးတယ် လို့  သဘောထားနိုင်ရင်ဖြင့် ပိုက်ဆံကုန်ပြီး ဒါနလည်း မြောက်နိုင်ပါတယ်။
မိဝေးဖဝေး စင်ကာပူမှာ နေတုန်း အစိုးမရတတ်တဲ့ကျန်းမာရေး ထိခိုက်ဒဏ်ရာရမှုအတွက် စိတ်ချရအောင် ကာလတစ်ခုသတ်မှတ်ပြီး ကျန်းမာရေးအာမခံ ၀ယ်ယူထားသင့်တယ်လို့ကိုယ်ကျိုးမပါ အကြံပေးပါရစေ။ ဘယ်သူပဲဖြစ်ဖြစ် ရောဂါဘယတွေ ကင်းရှင်း ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နဲ့ လက်လှမ်းမီရှာဖွေစုဆောင်းလေ့လာမိသမျှ ဗဟုသုတ တစ်ခုအဖြစ် .။
Charlotte
28/12/2015