Tuesday, 19 January 2016

တွဲလက်မဖြုတ်ခဲ့ပါ .. သို့သော် (အပိုင်း ၂)

တွဲလက်မဖြုတ်ခဲ့ပါ .. သို့သော် (အပိုင်း ၂) 

အဲ့ဒီလိုနဲ့ .. မောင်နဲ့ မေဖူးတို့ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ တစ်လလောက်ကြာတော့ မောင့်တတ်နေတဲ့ ကျောင်းက ပြီးဆုံးခဲ့ပြီး မောင် .. မြန်မာပြည်ကို ပြန်ဖို့ အကြောင်းဖန်လာခဲ့တယ်။ အဲ့ဒီရက်တွေဟာ မေဖူးအတွက် အတော်လေးကို ဖြတ်သန်းရတာခက်ခဲပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ ခွဲနေရမဲ့အခြေအနေကိုလက်ခံလောက်အောင် မေဖူး မရင့်ကျက်ပါဘူး။ ဒီလိုနဲ့ . မောင်က သူနဲ့ အပြီးပြန်လိုက်ဖို့ မေဖူးကို ပြောလာတယ်။ မေဖူးတို့ ရောက်တာနဲ့ လက်ထပ်ကြမယ်။ မောင်ကလဲ မိဘပိုင် ကုမ္ပဏီမှာပဲ ပြန်ဦးစီးရမယ်ဆိုတော့ စင်္ကာပူမှာ အကြာကြီးဆက်နေလို့ မဖြစ်တော့တဲ့အကြောင်းပြောတယ်။ ဒါပေမဲ့ မောင်က မေဖူးကိုဦးစားပေးခဲ့ပါတယ်.။ မေဖူးအသက်ငယ်သေးတာကတစ်ကြောင်း မေဖူးကိုယ်ပိုင်ဆုံးဖြတ်ချက်ကို မပြစ်ပယ်စေချင်တာကြောင့် မောင်တစ်ယောက်ပဲ မြန်မာပြည်ကိုပြန်သွားခဲ့ဖြစ်ပါတယ်။ မေဖူးမှာ ကျောင်းဆက်တတ်ချင်တဲ့ ရည်မှန်းချက်လဲရှိနေသေးတယ်လေ။ မှတ်မှတ်ရရ .. မောင့်ကို လေယာဉ်ကွင်းလိုက်ပို့တဲ့ညနေ..  မိုးတွေထန်ခဲ့တယ်။
မောင့်မျက်နှာပေါ်က မျက်ရည်တို့ မေဖူး မြင်ခဲ့ရတယ်။
မေလေး… ကျန်းမာရေးဂရုစိုက်နော်။ မေလေး… ဆုံးဖြတ်ချက်တစ်ခုကို မောင် မျှော်လင့်နေပါမယ်။  
အချစ်ဆိုတာ တစ်ခဏပဲဖြစ်စေ.. တစ်ဘ၀ပဲဖြစ်စေ.. တကယ်ချစ်ကြပြီဆိုရင် ခွဲခွာခြင်းမှာ ခံနိုင်ရည်ရှိဖို့ဆိုတာ မလွယ်လှပါဘူး။
အသက် ၃၅ နှစ်အရွယ်ယောက်ျားတစ်ယောက်က ၂၅ နှစ်အရွယ်ကောင်မလေးအတွက် မျက်ရည်ကျရတယ်။
အသက် ၂၅ နှစ်အရွယ်ကောင်မလေးက အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ယောက်အတွက် မျက်ရည်ကျတယ်။
မေလေး… မောင် Departure မ၀င်သေးဘူး။။
မေလေး အရင်ပြန်နော်.. မောင်က အရင်ကျောခိုင်းသွားရတဲ့အခြေအနေတစ်ခု မေလေးကို မမြင်စေချင်ဘူး။ မိုးတွေကလဲရွာတယ်… ကိုယ့်သူငယ်ချင်းကို ဖုန်းဆက်ထားတယ်. သူအိမ်ပြန်လိုက်ပို့ပေးလိမ့်မယ်နော်.. မေလေး .

မောင်… ကျန်းမာရေး ဂရုစိုက်နော် .. 

မေဖူး ရင်ထဲမှာ မွန်းကြပ်လွန်းလို့ ဒီထက်ပိုပြီး မောင့်ကိုပြောဖို့ စကားတွေမထွက်ခဲ့ပါဘူး။ မောင် တောင်းဆိုသလို မေဖူး အရင် ကျောခိုင်းခဲ့ပါတယ်။ လေယာဉ်ကွင်းကနေ အိမ်ပြန်လမ်းဟာ မေဖူးအတွက် ခါးသီးလွန်းလှတယ်။ မောင့်ရှေ့မှာ မမြင်စေချင်ခဲ့တဲ့ မျက်ရည်တွေကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ခဲ့တယ်။ အိမ်အောက် ကားပါကင်မှာ ကားရပ်ပြီး မောင့်သူငယ်ချင်းက မေဖူးကို A3 paper ပုံးလောက်နီးပါးကြီးတဲ့ စက္ကူပုံးတစ်ပုံးပေးပါတယ်။

မမေဖူး.. ဒါ မိုးစက်က မေဖူးအတွက် လုပ်ပေးခဲ့တာ။
ကျနော်.. အပေါ်ထိ သယ်ပေးမယ်နော်.. ပုံးက နည်းနည်းလေးတယ်။ မေဖူးသယ်ဖို့ အဆင်မပြေမှာဆိုးလို့ပါ။

အော်.. ဟုတ်ကဲ့.. ကိုဇေယျ..ကျေးဇူးပါရှင် 

ပုံးလေးကို ဖွင့်လိုက်မိတည်းက မေဖူး အသက်ရှုမွန်းကြပ်လောက်အောင်ကို ခံစားရခဲ့ပါတယ်။
အနွေးထည်၂ ထည်. 
Burberry ပုဝါ ၅ ထည် .. 
မေဖူးသုံးနေကျ Hand Gel .. 
ရုံးစီး ဖိနပ်တစ်ရံ .. 
လက်သည်းနီ Base ၃ ပုလင်း .. 
Sport Shoe တစ်ရံ … ထီး ၁ ချောင်း .. 
မေဖူးသုံးနေကျ Face moisturizer spray … ည၀တ်အကျီိ ၅ထည် ..  
ပြီးတော့.. မောင့်လက်ရေးသွယ်သွယ်လေးတွေနဲ့ စာတစ်စောင် ..
စာထဲမှာ 
မေလေး.. ကျန်းမာရေးဂရုစိုက်နော်. မောင်..မရှိတဲ့အချိန်မှာ မေလေး နေမကောင်းဖြစ်မှာ မောင်အစိုးရိမ်ဆုံးပဲ မေလေးရယ်။။
အနွေးထည်က ရုံးမှာ အမြဲထားထားပါ. ရုံးကအဲယာကွန်းက အရမ်းအေးတော့ မေလေး နှာအမြဲစီးတတ်တာ မောင်သတိထားမိတယ်။
ပုဝါ ၅ ထည်က .. တစ်ရက် တစ်ထည် ရုံးသွားတိုင်း မေလေး လည်ပင်းမှာရှိနေပါစေ။ မေလေး နားရွက်နားလေးက မှဲ့လေးတွေကို လူတိုင်းမြင်မှာမျိုး မောင် မလိုက်လျောနိုင်ဘူး။။။ မေလေး ရယ်မိမယ်လို့ မောင်ထင်ပါတယ်။
Hand Gel ကတော့ မေလေးဝယ်တဲ့အခါတိုင်း မောင် မှတ်ထားတာ။
ဖိနပ်က.. ရုံးမှာစီးဖို့ မေလေး… ဒီဖိနပ်လေးက Slipper ထက်တော့ မေလေး ခြေထောက်လေးတွေကိုနွေးစေမယ်လေ။
လက်သည်းနီ Base က.. မေလေး လက်သည်းနီဆိုးတိုင်း အမြဲ Base ခံဖို့မေ့တော့ လက်သည်းလေးတွေက ပိုပျက်စီးတယ်လို့ မောင့်ကို ပြောပြဖူးတယ်လေ။ အဲ့ဒါ ယမုံကို မောင်မေးပြီး ၀ယ်ထည့်ပေးထားတာ။ မေလေး .. လက်သည်းနီဆိုးတိုင်း မမေ့နဲ့နော်။
Sport Shoe က ကြိုးမချည်ရတာေ၇ွးဝယ်ပေးထားတာ… မောင်မရှိရင် မေလေး ပြေးတဲ့အခါ ဖိနပ်ကြိုးချည်ပေးမဲ့သူအတွက် မေလေး မောင့်ကိုလွမ်းလို့ ငိုနေရမှာဆိုးတယ်။
ထီးကတော့ စင်္ကာပူမိုးက အစိုးမရသလို မေလေးကလဲ ထီးမေ့တတ်လွန်းလို့ ရုံးမှာ အရန်ထားထားဖို့ မောင်ထည့်ပေးထားတာ။
အရင်အပတ်က မေလေး Face Spray သွားဝယ်ဖို့ပြောတုန်းက မောင့်သူငယ်ချင်း ကိစ္စပေါ်လာလို့ မ၀ယ်ဖြစ်ခဲ့တာ မောင်သတိရလို့ ၀ယ်ပေးလိုက်တယ် မေလေး။
ည၀တ်အကျီကတော့… မေလေးနဲ့ ဝေးကွာနေတဲ့အခါ မေလေး အိပ်မက်ထဲ မောင်ရှိစေချင်တဲ့ စိတ်တစ်ခုနဲ့ မောင် စီစဉ်ခဲ့တယ်။။ မေလေး….
မေလေး.. ကျန်းမာရေးဂရုစိုက်ပါနော်. မောင် နေ့တိုင်း ဖုန်းခေါ်မယ်နော်။
ချစ်တဲ့… မောင်။။။။။။။။

မေဖူး.. နောင်တတွေရခဲ့သည်။ မေဖူးဟာ ကိုယ့်အတ္တ တစ်ခုအတွက် မောင့်နဲ့ ခွဲခွာစေမဲ့လမ်းကို ရွေးချယ်ဆုံးဖြတ်ခဲ့တယ်။ မောင်ကတော့ အရာအားလုံးဟာ မေဖူးဆန္ဒပဲအရေးပေးခဲ့ပြီး မေဖူးအတွက် အသေးအဖွဲ့လေးကအစ တွေးခဲ့တယ်. စဉ်းစားခဲ့တယ်။
မေဖူး ကျောင်းဆက်တတ်ဖို့.. စွန့်လွှတ်လိုက်ပါတော့မယ်။
နောက်နေ့…. Resign Letter တင်ဖို့ မေဖူးစိတ်တွေပေါ့ပါးနေတယ် ။ ဒါပေမဲ့ ဒီကိစ္စ မေဖူး မောင့်ကို လုံးဝအသိမပေးခဲ့ပါဘူး။ နောက်အပတ် ကိုမင်းနောင် မြန်မာပြည် အလည်ပြန်တဲ့အခါ မောင့်အတွက် မေဖူး တစ်ခုခုစီစဉ်ဖို့ ပြင်ဆင်ထားတယ်လေ။ မောင်နဲ့အတူရှိခဲ့တဲ့အချိန်တွေမှာ ကလေးတစ်ယောက်လို ဆိုးနွဲ့ပိုင်ခွင့်တွေကို .. မေဖူး လွမ်းမိပါတယ် ။ 

ကိုမင်းနောင် ပြန်မဲ့နေ့ လေဆိပ်ကသွားစောင့်နေလိုက်သည် ။ ကိုမင်းနောင်နဲ့ မောင့်အတွက် စက္ကူဘူးသေးသေးလေး .. ထည့်ပေးလိုက်သည် ။ 
မေဖူး .. လက်ဆောင်အတွက် မောင် ပြုံးပျော်နိုင်ပါစေ ။ 

ဟဲလို .. မိုးစက်လား .. 
ဟုတ်ကဲ့ခင်ဗျ .. 
ငါ .. မင်းနောင်ပါကွ ....အခုပဲ လေဆိပ်ကထွက်လာတယ် .. မင်းရုံးဘက် လမ်းသင့်လို့ မေဖူး ပေးလိုက်တဲ့ မင်းပစ္စည်းလေး ဝင်ပေးရင်းကွာ .. 
အိုကေ .. ကျေးဇူးပါ 
ကိုမင်းနောင် ... ကျနော် စောင့်နေမယ် 

ကိုမင်းနောင်က သူ့ယောက်ဖပါလာတော့ ကျနော့်ရုံးမှာ ကော်ဖီတောင်မသောက်နိုင်တော့ပဲ ချက်ချင်းပြန်သွားတော့သည်။ 

ကျနော် .. မေလေး ရဲ့ စက္ကူဘူးလေးကို ဖွင့်ဖို့ပြင်လိုက်သည်။ မနက်တည်းက မေလေး ဖုန်းဆက်ထားသဖြင့် ဒီလက်ဆောင်လေးဟာ ကျနော်လိုချင်သော အဖြေတစ်ခုဟု သိထားသည် ။ 

စက္ကူပုံး အဖြူရောင်လေးကိုဖွင့်လိုက်တော့ စက္ကူကြယ် သေးသေးလေးတွေကြားမှာ LV တံဆိပ် lather အပျော့သား အမျိုးသားဝတ် Bracelet အညိုရောင်လေးတစ်ခု .. 
အိုးး ကျနော်မေ့နေလိုက်တာ .. မေလေးက လက်ဆောင်ဘူးရတာနဲ့ video call ခေါ်ရမယ် ပြောထားခဲ့တာ !! Line ကနေ video call ခေါ်လိုက်သည်။ 
မေလေးရေ .. ဆောရီးပါကွာ .. မောင် ပုံးဖွင့်ပြီးမှ ဖုန်းခေါ်ဖို့ သတိရသွားတယ် ။ 
မောင်ကလေ .. 
မေလေး သေချာမှာထားရဲ့သားနဲ့ .. ပုံးကို အတူတူဖွင့်ပါမယ်ဆို ... ထားပါတော့ .. 
ခု .. မောင်ဘာတွေ့ပြီလဲ .. 
အင်း .. ကြယ်တွေကြားမှာ Bracelet လေးတစ်ခု .. 
ဟုတ်ပြီ.. မောင် .. 
ခုချက်ချင်း .. အဲ့ဒီ Bracelet လေးဝတ်ထားလိုက် . မောင့်ကို မေလေး အပိုင်သိမ်းလိုက်တဲ့သဘော .. ခိခိ 
ဟုတ်ပါပီ .. မမ မေလေး ရယ် .... 
မောင် ... အဲ့ဒီပုံးလေးထဲမှာ ကြယ်လေးတွေ ၁၅၀၀ ရှိတယ် ... ၁၄၉၉ ခုသောကြယ်ဟာ ဒီဇိုင်းတူတဲ့ စက္ကူသားနဲ့လုပ်ထားတယ် ... တစ်လုံးတည်းသော အရောင်ကွဲထွက်နေတဲ့ ရွှေကြယ်လေးက မောင့်အတွက်အဖြေတစ်ခုပါပဲ ... မောင်ပျော်ရွှင်ပါစေ .. 
ဟုတ်ပြီ .. မေလေး ..
မောင့်အတွက် မေလေးဖန်ဆင်းပေးလိုက်တဲ့ ရွှေကြယ်လေးမှာ ပျော်ရွင်ခြင်းတွေထက် အံ့သြမှုတွေပါ ပါခဲ့ပါတယ် ။ ရွှေရောင်စက္ကူကျောဘက် မောင့်ကို မေလေး လက်ထပ်ပါ့မယ် ဆိုတဲ့ စကားလုံးထက် ROM မှာ လက်မှတ်ထိုးရမဲ့ Appointment date ကို ရေးပေးခဲ့တယ်.... 
မောင် မထင်ထားဘူးလေ ... 
မေလေးဟာ သူ့ရည်မှန်းချက်ကို ဘယ်လိုနည်းနဲ့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ပဲ မောင်သိခဲ့တာလေ။ 

ပျော်ရွှင်ခြင်းဆိုတာ 
မောင်ရဲ့အပြုံးအတွက် မေလေး အရေးတယူရှိသလို .... မေဖူး အပြုံးအတွက် မောင် အရေးတယူရှိနေတာမျိုးပါ ... မောင် !!! 

နောက်တစ်ပတ် ROM မှာ လက်မှတ်ထိုးကြဖို့ မောင် စင်္ကာပူကို ပြန်လာပါတယ် ။ သူ့ညီလေး ကိုဝသန် ရော ပါလာခဲ့တယ်လေ။ ကိုဝသန်က မောင်နဲ့ ၄ နှစ်ကွာတော့ မေဖူးထက် ၅ နှစ်လောက်ကြီးတော့ မေဖူး နောက်ထပ် အစ်ကိုပဲပေါ့ ။ 
၂၀၁၀ ခုနှစ် ဇွန်လ မှာ မေဖူး နဲ့ မောင်တို့ ROM မှာ လက်မှတ်ထိုးကြတယ် ။ ကိုမင်းနောင်တို့ စုံတွဲရယ် ကိုဝသန်ရယ် မေဖူး သူငယ်ချင်း သော်သော်ရယ် အသိသက်သေ လုပ်ပေးခဲ့ကြတယ် ။ 
အဲ့ဒီနေ့ Dinner ကို မေဖူးတို့ raffle places က Stellar @ 1 Altitude မှာ စားဖြစ်ကြပါတယ် ။ 
မောင်ရော မေဖူးရော အမြင့်ကြောက်ပေမဲ့ အမြင့်ဆုံးနေရာကနေ အေးအေးဆေးဆေး စကားပြောရတာကို သဘောကျကြတယ် ။ ဒါကြောင့် မောင်က ဒီဆိုင်လေးကို ရွေးဖြစ်ခဲ့တယ် လို့ မေဖူး ထင်မိတယ်။ 
မေဖူးတို့ မင်္ဂလာရက်ကို ၂၀၁၀ ဇူလိုင်လကုန်မှာ ကျင်းပဖို့ စီစဉ်ခဲ့ကြတယ် ။ မောင်ပဲ စီစဉ်ရတာပါပဲ ။ မေဖူးက ချက်ချင်း ပြန်မလိုက်နိုင်တော့ တလတည်းနဲ့ မောင်တစ်ယောက်တည်း မေဖူးစိတ်တိုင်းကျ စီစဉ်ပေးခဲ့တယ် ။ မေဖူး အဖြစ်ချင်ဆုံးဆန္ဒ မိဘမဲ့ကလေးဂေဟာတစ်ခုမှာ မင်္ဂလာအမှတ်တရအဖြစ် အလှူလေး လုပ်ပေးခဲ့တယ်။ ဒါဟာ ငယ်ငယ်လေးထဲက မိဘနဲ့ကွေ့ကွင်းခဲ့ရတဲ့ မေဖူးအတွက် ဖြေသိမ့်မှုတစ်ခုပါပဲ ။

အရာရာဟာ နှလုံးသားချင်း ထပ်တူကျသူများအဖို့ ပျော်ရွှင်စရာတွေပဲ ပြည့်စုံနေပါတယ်။ မောင်ရော မောင့် ဖေဖေနဲ့ မေမေရောက သမီးမရှိတဲ့ သူတို့မိသားစုဘဝထဲရောက်လာတဲ့ မေဖူးကို တကယ့်မိသားစုအရင်းတွေလိုပါပဲ။ 

အိမ်ထောင်သက် ၃ လလောက်ကြာတော့ .. 
မောင် ..,  မေဖူး အလုပ်လုပ်ချင်တယ် ။ 
အိမ်မှာပဲ အမြဲနေနေရတာ မေဖူးပျင်းတယ် ။ 
ဒါမှမဟုတ် မေဖူး ဒီမှာပဲ MBA ဆက်တတ်မယ်လေနော် ။ 
မေလေး ... မောင့်ကို ချုပ်ချယ်တယ်လို့ မင်း ထင်လိုက်မှာလဲ မောင်စိုးရိမ်တယ် ။ မေလေးကို မောင့်ဘေးနားမှာ ဒီတိုင်းလေးပဲ ရှိနေစေချင်တာကွ။ အပြင်လောကရဲ့ ပူလောင်မှု ရှုပ်ထွေးမှုတွေ ဘာမှ မခံစားစေချင်ဘူးကွာ ။ဒါကြောင့် မေလေး တောင်းဆိုတာ မောင် မလ်ုက်လျောချင်ဘူး မေလေး ... 
ဟာ ... မောင်ကလဲ မေလေးက ကလေးမှ မဟုတ်တော့တာ ။ မောင့်ကို ချစ်လွန်းလို့ မောင့်အနားပဲ ရောက်လာတာပဲလေ ။ 
မောင် နားလည်ပါတယ် ကလေးရယ် ... 
မေဖူး ခေါင်းလေးကိုသပ်ရင်း မောင်သက်ပြင်းတွေချလိုက်တာများ ... တောင်းဆိုမိတဲ့ ကိုယ်သာ အပြစ်တင်ချင်တော့သည် ။ 
ဒီမယ် မောင် ... 
အခု မောင့်ရုံးက မောင့်အတွင်းရေးမှုးမကြီးကို အခြားဌာန ပို့ပေးပါ ။ သူ့နေရာ မေဖူး အလုပ်လုပ်မယ် ။ ဒါကိုတော့ မောင်လိုက်လျောရမယ် ။ 
ဟုတ်ပြီလား .. ဦးမိုးစက် 

ဟား ဟား ဟား 
မောင်ရယ်သည် ။ တကယ်တော့ မောင့်နားမှာ မေဖူးရှိချင်သည် ။ မောင်ဘာလုပ်လုပ် မေဖူးသိချင်သည် ။ ဒါဟာ မောင့်ကို ချစ်လွန်းလို့ပါ ။ 

နေ့ရက်တိုင်းဟာ အဓိပ္ပါယ်ရှိလှသည် ။ မောင်နဲ့ တူတူ ရုံးသွား နေ့လည်စာအတူစား ညနေရုံးဆင်း ကော်ဖီအတူသောက်ရတဲ့ အချိန်လေးတွေဟာ မေဖူးတို့အတွက် ပျော်ရွှင်ကြည်နူးစရာတွေအပြည့်ပါပဲ ။ 

ဒီလိုနဲ့ အိမ်ထောင်သက် ၉ လနီးပါးကြာပြီးနောက် ... မောင် ရဲ့ မိုးညှင်းက project က ပြသာနာပေါ်လာခဲ့တယ် ။ နယ်ခံတွေနဲ့ ဖြစ်တဲ့ ပြသာနာဆိုတော့ မောင်ကိုယ်တိုင်သွားမှဖြစ်မယ်တဲ့ ။ တစ်ပတ်လောက်တောင် မောင်နဲ့ခွဲရမှာ ။ 

မေလေးကိုတော့ မောင် မလိုက်စေချင်ဘူး .. 

မေဖူးမှာ မောင့်အတွက်ရင်သွေးလေးရှိနေခဲ့ပြီလေ ။ 
မောင်မသွားခင် ဖေဖေရော မေမေပါ မနေရ ။ မေဖူးကို စားတာသွားတာလာတာ သတိထားဖို့ အတန်တန်မှာသည် ။ မောင်က ကလေးတစ်ယောက်လို ... 

မောင် .. ကားကို ဂရုစိုက်မောင်းနော် 
မေလေးဆီကို နေ့တိုင်းဖုန်းဆက်နော် ... 

စိတ်ချပါ .. မေလေးရယ် 
မေလေးသာ အစစအရာရာဂရုစိုက်နော် .. ရုံးလဲမသွားနဲ့ .. ဝသာန်ရှိနေတာပဲ .. ဟုတ်ပြီလား !! 
ကဲ .. မောင်သွားမယ်နော် ... 
မောင်က မေလေးရဲ့ နဖူးလေးကို နမ်းသည်။ 
ဖေဖေကတောင် နောက်လိုက်သေးသည် . ငါ့သား မိုးစက်က ၁၆ နှစ်လိုပဲ ' ... 

အဲ့ဒီနေ့က မောင့်ဆီက ရတဲ့ အနမ်းဟာ နှုတ်ဆက်အနမ်းဖြစ်လာလိမ့်မယ်လို့ မေဖူး မထင်ခဲ့ပါဘူး . 

မောင်သွားပြီး တစ်ပတ်ကြာတော့ .. 
ပြသာနာတွေ အားလုံးရှင်းပြီးလို့ ညတွင်းချင်း မိုးညှင်းကနေ မောင်ပြန်ထွက်လာခဲ့တယ် ... 
အရင်ရက်က မိုးရွာထားတဲ့အရှိန်ရယ် .. 
ကားကို ညမောင်းရင် အဝေးမှုန်တဲ့ မောင့်အတွက် .... 

'' ဝသာန် .. ညီလေး .. မေဖူးကို စောင့်ရှောက်ပါ '
ဆိုတဲ့ message တစ်စောင် ... 
ဝမ်းနည်းခြင်းများစွာနဲ့ .. ဝသာန် 
ဧည့်ခန်းထဲမှာမောင့်ကို စောင့်နေတဲ့ ကျမဆီ ... 
မေဖူး ... 
စိတ်ကို ခိုင်ခိုင်ထားပါ .. 
ကိုကို .. လမ်းမှာ ကားအက်စီးဒင့် ဖြစ်လို့.. 

အခု ကျတော် .. မိုးညှင်းရုံးကို ဖုန်းဆက်ပြီး အကြောင်းကြားထားတယ် ။ ကျတော် အခုပဲ လိုက်သွားမယ် မေဖူး ... 

မေဖူး .. မယုံဘူး .. 
မောင်ကအခု ပြန်လာနေပြီလေ ... 
မေဖူး အရုပ်ကြိုးပျက်သွားသလို လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားသည် ။ 

မိုးဟာ မေဖူးအတွက် ရက်စက်လွန်းလှတယ် ။ 
အကြောင်းပြချက်မရှိ မိုးကို မုန်းမိတဲ့ မေဖူးအတွက် မေဖူး သိပ်ချစ်ရတဲ့ မောင့်ကို မေဖူးဘဝထဲက ဆွဲခေါ်သွားခဲ့တယ် ။ 

မိုးရေတွေထဲမှာ မိုးစက်ဆိုတဲ့မောင့်ကိုတွေ့ခဲ့ရတယ် ... မိုးရေတွေကပဲ မေဖူးအရမ်းချစ်ရတဲ့ မောင့်ကို ပျောက်ကွယ်စေခဲ့တယ် ။ 

မေဖူးလေ .. မိုးညိုလာရင်ကို ကြောက်တတ်နေတတ်ခဲ့ပါပြီ ။ မေဖူးမျက်ရည်တွေဟာ မိုးရေတွေနဲ့အတူ စီးမျောလာခဲ့တာ ... အခု မေဖူးတို့သားလေး ၄ နှစ်ကျော်လာတဲ့ အထိပါပဲ ။ အခုလဲ မောင့်ဆီလာနေတဲ့ မေဖူးတို့ကားလေးက မိုးရေတွေရဲ့အောက်မှာပဲ ... မောင်ရယ် ။ 

မောင်ရေ ... သားလေးမှာ မောင့်လိုပဲ မေဖူးသိပ်ချစ်ရတဲ့ သွားတတ်လေးရယ် ... လက်သန်းမှာ မှဲ့နီလေး တစ်လုံးရယ် .... 
မောင် .. သိပါလေစ ... 

မောင့် .,ရေ .. ဒီနေ့လဲ မေဖူး မောင့်ဆီရောက်လာပြန်ပြီ မောင် .... 
မောင့်ကို မေဖူး ပြောစရာတွေရှ်တယ် မောင် ။ 
ဖေဖေနဲ့ မေမေက သားလေး မိုးဉာဏ် ရှေ့ရေးအတွက် ဝသာန်ကို မေဖူးနဲ့ နေရာချပေးဖို့ စီစဉ်ကြတယ်... ဝသာန်ကလဲ မောင့်စကားတစ်ခွန်းကြောင့် ဒီနေ့ဒီချိန်ထိ သားလေးအပေါ်မှာ ဖခင်အရင်းတစ်ယောက်လို ချစ်ခင်တယ် မောင် ။ 
သားလေး ရှေ့ရေးအတွက်ဆိုတာ .. မေလေး နားလည်ပါတယ်။ ဒါပေမဲ့လေ မောင့်အပေါ် မေလေးထားတဲ့အချစ်တွေက မိုးရာသီဆိုတာကြီး ထာဝရဖြစ်တည်နေသလို တည်မြဲရစ်တွယ်နေတာမို့ .. မေလေးကို နားလည်ပေးပါမောင် . 
သားလေးကို မိုးစက်ရဲ့ သားအဖြစ်နဲ့ ထာဝရ ရပ်တည်နိုင်ဖို့ မေလေးကြိုးစားပါရစေ ။ 
ဂျိန်း .. 
ပြင်းထန်လှတဲ့ မိုးခြိမ်းသံတွေကြားက လျှပ်စီးတစ်ခု ... 
ဒါဟာ .. မောင့်ရဲ့ မေလေးသဘောထားအတွက် အဖြေတစ်ခုများလား .... 

----- (ပြီးပါပြီ) ----

အပိုင်း (၁) 
https://www.facebook.com/09.thinzarhtun/posts/736177066512840

No comments:

Post a Comment