Wednesday, 30 December 2015

စင်္ကာပူ Work Permit and Passes အကျဉ်းချုပ်

စင်္ကာပူ Work Permit and Passes အကျဉ်းချုပ်
----------------------------
စင်္ကာပူနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် ဘယ်လိုအလုပ်မျိုးတွေ အခွင့်အလမ်းရ လုပ်ကိုင်နိုင်လဲမပြောခင် အရေးကြီးဆုံးဖြစ်တဲ့ နေထိုင်ခွင့် Pass တွေအကြောင်းရေးပါရစေ ။
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ မည်သည့်နိုင်ငံခြားသားမဆို အလုပ်မ၀င်ခင်နဲ့ အလုပ်လုပ်ခွင့် ပါမစ်ကဒ်မရခင်မှာ (Work visa) လို့လူသိများတဲ့ Pass ရှိနေရပါမယ် ။
အလုပ်ရှင်တွေဟာ သူတို့ခန့်အပ်လိုက်တဲ့နိုင်ငံခြားအလုပ်သမားအတွက် Pass တစ်ခုလျှောက်ပေးရပါမည်။
လျှောက်တဲ့အခါ အလုပ်ရှင်ကပေးတဲ့လစာနဲ့ နိုင်ငံခြားအလုပ်သမားရဲ့ ပညာအရည်အချင်း အတွေ့အကြုံပေါ်မူတည်ပြီး Pass တွေဟာ အမျိုးမျိုးကွဲခြားသွားခြင်းဖြစ်ပါတယ် ။ စင်္ကာပူအစိုးရရဲ့စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့အညီ ဘယ်လိုအရည်အချင်း ၊ ဘယ်လိုအနေအထားတွေဟာ ဘယ်လို pass မျိုးကို လျှောက်ထားနိုင်တယ်ဆိုတာ အကျဉ်းချုံးဖော်ပြပါရစေ။
www.mom.com.sg မှာ Work Permit and Passes တွေအကြောင်း လေ့လာကြည့်တဲ့အခါ နိုင်ငံခြားသားအလုပ်သမား အလုပ်လုပ်နေထိုင်ခွင့်နဲ့ပတ်သက်ပြီး နယ်ပယ် ၅ မျိုးခွဲခြားပေးထားပါတယ် ။
၁- Professionals (ပညာရှင်အဆင့်ကျွမ်းကျင်အလုပ်သမားများ)
၂- Skilled and Semi-skilled workers (သက်ဆိုင်ရာအလုပ်အတွက် သင့်လျော်သော အရည်အချင်းကျွမ်းကျင်မှု နှင့် အသိအမှတ်ပြုလက်မှတ်ရှိသော အလုပ်သမားများ)
၃- Trainees and Students (ကျောင်းသားများနှင့် လေ့လာသင်ယူသူများအတွက်)
၎- Family Members (မိသားစုဝင်များအတွက်)
၅- Exemptions and working while on a visit pass (ခေတ္တလာရောက်သော နိုင်ငံခြားသားများအတွက်) ဆိုပြီး အပိုင်း ၅ ပိုင်းခွဲကာ ဘယ်လိုလူမျိုး ဘယ်လိုအရည်အချင်းတွေဟာ ဘယ် pass ကိုလျှောက်ထားရမယ်ဆိုတာ ဖော်ပြထားပါတယ်။
အဓိကအားဖြင့် စင်္ကာပူနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်သော နိုင်ငံခြားအလုပ်သမားများအတွက် စင်္ကာပူအစိုးရက ထုတ်ပေးသော Work Pass ၈ မျိုးအကြောင်းကို ပြောရလျှင် ..
1. Employment Pass
2. Entre Pass
3. Personalised Employment pass
4. S Pass
5. Work Permit
6. Work Permit for Foreign Domestic Workers (FDW)
7. Dependant’s Pass
8. Miscellaneous Work Pass
Employment Pass (EP)
နိုင်ငံခြားသားပညာရှင်တစ်ယောက်အတွက် EP လျှောက်ထားမည့်အခါ လျှောက်ထားသူသည် စင်္ကာပူနိုင်ငံမှာနေထိုင်အလုပ်လုပ်ကိုင်ပြီး လစာ အနည်းဆုံး စင်္ကာပူဒေါ်လာ ၃၃၀၀ (အချိန်ပို ၊ စုကြေး ၊ အထူးခံစားခွင့် မပါ) ရရှိရသူဖြစ်ရမည်။ ပညာရှင်အဆင့် (မန်နေဂျာရာထူး ၊ အင်ဂျင်နီယာရာထူး ၊ သက်ဆိုင်ရာပညာရှင်အဆင့်ရာထူး) နယ်ပယ်မှာ အလုပ်လုပ်သူဖြစ်ရမည်။ EP လျှောက်ထားတဲ့အခါ လစာအပြင် အတွေ့အကြုံ အရည်အချင်းရှိ အလုပ်သမားဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထားတွေဟာ အရေးကြီးပါတယ်။
Enter Pass
Enter pass နဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် မည်သည့်နိုင်ငံခြားသားမဆို စင်္ကာပူအစိုးရတရားဝင်ခွင့်ပြုချက်ရ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူတွေအတွက် လျှောက်ထားနိုင်တဲ့ pass ဖြစ်ပါတယ်။ ကော်ဖီဆိုင် ၊ ကာရာအိုကေဆိုင် ၊ Bar ၊ Night Club ၊ အနှိပ်ခန်း ၊ ရိုးရာဆေးဆိုင် ၊ ငွေလဲလုပ်ငန်း စသည့် အလုပ်မျိုးအတွက် Enter Pass လျှောက်ခြင်းကို (လုံးဝ) လုံးဝ ခွင့်ပြုမည်မဟုတ်ပါ။ ထိုလုပ်ငန်းများမှလွဲပြီး အခြားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသည့် နိုင်ငံသားတိုင်း စင်္ကာပူအခြေစိုက် ဘဏ်တစ်ခုတွင် အနည်းဆုံးငွေပမာဏ စင်္ကာပူဒေါ်လာ 50,000 (Bank Statement) တင်ပြနိုင်လျှင် လျှောက်ထားခွင့်ရရှိမှာဖြစ်ပါတယ်။
Personalised Employment Pass (PEP)
PEP ဟာ EP အမျိုးအစားတစ်ခုပါပဲ။ ဒါပေမယ့် အဆင့်မြင့်ပညာတတ်ကျွမ်းသူတွေ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အရည်အချင်းသာလွန်ပြည့်ဝသူတွေ မန်နေဂျာရာထူးလိုမျိုးအထူးကျွမ်းကျင်တတ်မြောက်သူတွေ လျှောက်ထားနိုင်ပါတယ်။ EP နဲ့ PEP ကွဲပြားချက်ကတော့ EP ကို ကုမ္ပဏီကလျှောက်ထားပေးတာဖြစ်ပြီး အလုပ်ထွက်တဲ့အခါ ကုမ္ပဏီကို ပြန်အပ်ရပါတယ်။ ဒါမှမဟုတ် ကုမ္ပဏီအသစ်အမည်နဲ့ အသစ်ပြန်ပြောင်းလျှောက်ရပါမယ် ။ PEP ကတော့ အလုပ်မလုပ်သည့်တိုင်အောင် (အလုပ်လက်မဲ့ဖြစ်နေသော်လည်း) နောက်ဆုံးလုပ်ခဲ့သည့်ကာလမှစတင်ပြီး အနည်းဆုံး ၆ လအတွင်း နေထိုင်အလုပ်ရှာ ထပ်မံလျှောက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။ နောက်တစ်နည်းဆိုရရင် အလုပ်မရှိဘဲ အများဆုံး ၆ လ နေထိုင်ခွင့်ရရှိပါတယ် ။ အလုပ်ရသွားပြီဆိုရင်လဲ အခြား Pass တစ်ခု ထပ်မံအသစ်လျှောက်စရာ အစားထိုးစရာ မလိုဘဲ အသစ်ပြောင်းလိုက်သော ကုမ္ပဏီ အလုပ်ရှင်အပြောင်းအလဲကိုသာ MOM သို့ အကြောင်းကြားရမှာဖြစ်ပါတယ်။ PEP ရဲ့ထူးခြားချက်တစ်ခုက စင်္ကာပူမှာအလုပ်မလုပ်ဘူးသော်လည်း အခြားနိုင်ငံတွေမှာ စင်္ကာပူဒေါ်လာ 18,000/month နဲ့ညီမျှတဲ့လစာရထားသူတွေ လျှောက်ထားနိုင်ပါတယ်။ အထူးသတိပြုရမှာကတော့ PEP ကိုင်ဆောင်ထားသူဟာ အသေးစားစီးပွားရေးလုပ်ငန်း ၊ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းမျိုး စင်္ကာပူမှာလုံးဝလုပ်ကိုင်ခွင့်မရှိပါဘူး ။
S PASS
အများစုသိကြတဲ့အတိုင်း မြန်မာတွေ အများဆုံးကိုင်ဆောင်ထားကြတဲ့ Pass တစ်ခုပါပဲ။ ပညာအရည်အချင်းအသိအမှတ်ပြု ဒစ်ပလိုမာ ၊ ဘွဲ့တစ်ခုခု ရထားပြီး သက်ဆိုင်ရာအလုပ်အတွက် သင့်တင့်လျောက်ပတ်တဲ့ အတွေ့အကြုံ ၊ အရည်အချင်း ကျွမ်းကျင်မှုအပေါ်မူတည်ပြီး အနည်းဆုံးလခ တစ်လလျှင် စင်္ကာပူဒေါ်လာ ၂၂၀၀ ရရှိသူတွေကို Spass ချပေးပါတယ်။ တစ်ချို့အတွက်လည်း Spass ရဖို့ ခက်ခဲတယ်လို့ကြားဘူးပါတယ်။ ဥပမာ အင်ဂျင်နီယာဘွဲ့ရထားတဲ့သူတစ်ယောက်က အလုပ်ရပြီးရောဆို ကိုယ်နဲ့မသက်ဆိုင်သော အလှပြင်ဆိုင်မှာလိုမျိုးဝန်ထမ်းလျှောက်တဲ့အခါ Spass ရဖို့ အဆင်မပြေနိုင်ပါဘူး ။
Work Permit (WP)
WP နဲ့ အလုပ်လုပ်သူအများစုဟာ အထွေထွေလုပ်သားများဖြစ်ကြပါတယ်။ အခြေခံပညာအရည်အချင်းအရ S Pass လျှောက်ရန် အရည်အချင်းမပြည့်မီသူ ၊ လစာ စင်္ကာပူဒေါ်လာ ၁၈၀၀ အောက်ရရှိသူတွေကို WP သာလျှောက်ထားပေးနိုင်ပါတယ်။ Work Permit ကိုင်ဆောင်သူ လုပ်သားတိုင်းရဲ့ ကျန်းမာရေး နေထိုင်ရေး အခွင့်အရေး စတာတွေကို ကုမ္ပဏီကတာဝန်ယူပေးရပါတယ်။ WP ကိုင်ဆောင်ထားသူ တစ်ဦးသည် မိမိ ကိုင်ဆောင်ထားသည့် Work permit ထဲတွင် ဖော်ပြ ထားသော လုပ်ငန်း အမျိုးအစား တစ်ခုထဲတွင်သာ လုပ်ပိုင်ခွင့် ရှိပါသည်။ Construction Industry မှ လုပ်သားတစ်ဦးသည် Marine Industry တွင် သွားလုပ်လို့ မရ။ အပြန်အလှန် သင်္ဘောကျင်း မှ အလုပ်သမား တစ်ဦးကို ဆောက်လုပ်ရေး တွင် တွေ့ရှိပါက ဖမ်းလို့ ရသည်။
Work Permit for Foreign Domestic Workers (FDW)
ဒီ Pass ကို FDW လို့အတိုကောက်ခေါ်ဆိုလေ့ရှိပါတယ်။ FDW ကတော့ နိုင်ငံခြားကနေ စင်္ကာပူသို့ အိမ်အကူလာလုပ်တဲ့သူတွေအတွက် အိမ်ရှင်က လျှောက်ပေးရတဲ့ အမျိုးအစားဖြစ်ပါတယ်။ စင်္ကာပူကို ပထမဆုံးအကြိမ် အိမ်အကူလာလုပ်မဲ့သူတစ်ယောက်သည် အနည်းဆုံး အသက် ၂၃ နှစ်မှ အများဆုံး ၅၀ ကြားဖြစ်ရပါမယ်။ ပညာအရည်အချင်းသည်လည်း အနည်းဆုံး ၈ နှစ်ပညာသင်ကြားခဲ့သူဖြစ်ရမယ်လို့ ဆိုထားပါတယ်။ Work Permit နှင့် FDW passes တွေအတွက် Dependant’s Pass လျှောက်ထားခွင့်မရှိပါ။
Dependant’s Pass
EP နှင့် လစာ စင်္ကာပူဒေါ်လာ ၅၀၀၀ အနည်းဆုံးရ S Pass ကိုင်ဆောင်သူတွေသည် အိမ်ထောင်ဘက် ၊ အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိသားသမီးတွေအတွက် Dependant’s Pass လျှောက်ထားနိုင်သည်။ Dependant’s Pass ကိုင်ဆောင်ထားသူသည် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်မရှိပါ။ အကယ်၍ EP ကိုင်ဆောင်သူဧ။် ဇနီး သားသမီးများအနေဖြင့် Letter of Consent လျှောက်ထားပြီး LOC ရရှိပါက အလုပ်လုပ်၍ ရနိုင်ပါတယ်။
Miscellaneous Work Pass
စင်္ကာပူသို့ အကြောင်းကိစ္စတစ်ခုဖြင့်ရက်တိုလာရောက်မည့်သူများအတွက် လျှောက်ထားပေးနိုင်သည်။ ဥပမာ သက်ဆိုင်ရာနယ်ပယ်အသီးသီးအတွက် Seminar , Conference တတ်ရောက်ခြင်း ၊ ဘာသာရေး သာသနာရေးပွဲများသို့တတ်ရောက်ခြင်း ၊ စာနယ်ဇင်း သတင်းထောက် ကိစ္စများနှင့်ပတ်သက်ပြီး လာရောက်ခြင်းများအတွက် ထို Pass ကိုလျှောက်ထားပေးနိုင်ပါသည် ။ မိမိတို့ကိစ္စများအတွက် ထို Pass ဖြင့် စင်္ကာပူနိုင်ငံတွင် ရက် ၆၀ သာ နေထိုင်ခွင့်ပြုချက်ရမည် ဆိုထားသည်။ သတိပြုရန်မှာ နိုင်ငံခြားသား အနုပညာရှင်များအနေဖြင့် မိမိတို့ အနုပညာပိုင်းဆိုင်ရာ သရုပ်ပြမှုများကို Night Club, Hotel , စားသောက်ဆိုင်များတွင် ကျင်းပပြုလုပ်ပြသမည်ဆိုပါက Work Permit for Performing Artiste သာ ရရှိမည်ဖြစ်ပါသည်။
မိမိကိုယ်တိုင်ပဲ လျှောက်ရသည်ဖြစ်စေ.. ကုမ္ပဏီမှလျှောက်ပေးသည် ဖြစ်စေ ဗဟုသုတတစ်ခုဖြစ်စေရန်အလို့ငှာ လက်လှမ်းမှီနားလည်သမျှ စင်္ကာပူနိုင်ငံတွင် နိုင်ငံခြားသားများအတွက် နေထိုင် အလုပ်လုပ်ကိုင်ခွင့်နှုင့်ပတ်သက်ပြီး စုစည်း ဖော်ပြပေးလိုက်ပါတယ်။ အားလုံး အလုပ်အကိုင်အခွင့်အလမ်းအဆင်ပြေကြပါစေ။
EP နှင့် S PASS လျှောက်ထားရန် မိမိရရှိထားသော အရည်အချင်းအတွေ့အကြုံများနှင့် သင့်တော် မတော် အောက်ပါ link မှာ စစ်ဆေးနိုင်ပါသည်။ http://www.mom.gov.sg/…/employment-s-pass-self-assessment-t…

Charlotte (28/12/15)

No comments:

Post a Comment