Monday, 22 May 2017

ကိုရီးယားအလည်မသွားခင် ပြင်ဆင်စရာတွေ….



ဒီအကြောင်းလေးကို ရေးဖြစ်တာက ကိုရီးယားကို TRAVEL TOUR နဲ့မသွားဘဲ

FREE & EASY သွားမည့်သူတွေအတွက် အဓိကရည်ရွယ်ထားပါတယ်။ 
ဖတ်တဲ့သူတွေအဆင်ပြေနားလည်အောင် လိုအပ်တဲ့အပိုင်းလေးတွေခွဲပေးထားပါတယ်။
၁ - ကိုရီးယား တိုးရစ်ဗီဇာလျှောက်ခြင်း
၂- လေယာဉ်လက်မှတ်ကြိုဝယ်ခြင်း
၃- Domestic flight ticket ကြိုဝယ်ခြင်း
၎- တည်းခိုနေထိုင်ဖို့စီစဉ်ခြင်း
၅- Korail Ticket ကြိုဝယ်ခြင်း ၊ Transportation အတွက်စီစဉ်ခြင်း
၆- Discount Coupon တွေယူခြင်း

စတာတွေကို သုန်ကြုံရသလောက် ရှယ်ပေးမယ်နော်။









၁ -- ကိုရီးယား တိုးရစ်ဗီဇာလျှောက်ခြင်း ဆိုတဲ့အပိုင်းမှာ မြန်မာနိုင်ငံသားတွေအတွက် ဗီဇာကင်းလွတ်ခွင့်မရသေးလို့Short term tourist visa လျှောက်ရပါမယ်။ Processing Days က ၄ရက်ပဲကြာပြီး ဗီဇာရတဲ့အခါ ရက် ၉၀ အတွင်း သွားနိုင်ပါတယ်။
ဗီဇာလျှောက်ခက USD 40.00 ပေးဆောင်ရပါမယ်။ အလုပ်ကနေခွင့်ယူပြီး ဗီဇာလျှောက်ဖို့အဆင်မပြေသူတွေအတွက် အေးဂျင့်နဲ့လျှောက်ရင် SGD 85 ပေးရပါတယ်။

လိုအပ်တဲ့စာရွက်စာတမ်းတွေက
Short Term Tourist visa လျှောက်လွှာဖောင် (သံရုံး website မှာယူလို့ရပါတယ်) ၊
၆လသက်တမ်းရှိ Passport မိတ္တူနှင့်မူရင်း (သံရုံးကို Passport စာအုပ်ပေးထားရပါမယ်)
NRIC သို့ Singapore long term pass (စင်္ကာပူမှာနေထိုင်သူများအတွက်) မူရင်း နှင့် မိတ္တူ ၊
နောက်ခံအဖြူနှင့် ၃လအတွင်းရိုက် ပက်စပို့ပုံ တစ်ပုံ
Bank Statement ၃လစာ
( စင်္ကာပူမှာနေထိုင်သူတွေအတွက် I banking သုံးသူများ မိမိဘာသာ E-statement ပရင့်ထုတ်ပြီး ဘဏ်ကိုသွားပြီး Certified Stamp ရိုက်ခိုင်းလိုက်ပါ။ အဲ့လိုမဟုတ်ဘဲ I banking မသုံးလို့ပဲဖြစ်ဖြစ် E – statement ဘယ်လိုယူရမှန်းမသိလို့ပဲဖြစ်ဖြစ်
ဘဏ်ကိုပဲအစအဆုံးအကူအညီတောင်းရရင် ဗီဇာအတွက် Bank Statement ၃လစာကို
တစ်လအတွက် $20.00 ပေးရပါတယ်။။ ၃လဆို $60.00 တောင်ပေးနေရမှာမို့ နှမြောလို့ ကိုယ့်ဘာသာ ပရင့်ထုတ်သွားကြနော်။
E-statement ဆိုတာ လစဉ် ၀င်ငွေ ထွက်ငွေအသုံးစာရင်းနဲ့ မိမိရဲ့ လစာဝင်ငွေကို တွက်ပေးထားတဲ့ Statement တစ်ခုပါ။ Ibanking သုံးသူတွေကို လကုန်တိုင်း သက်ဆိုင်ရာဘဏ်က Email ပို့ပေးသလို မိမိရဲ့ Ibanking အကောင့်ကနေလဲ ပရင့်ထုတ်လို့ရပါတယ်။ အဓိကက လစာဝင်ငွေပါတဲ့ ဘဏ်အကောင့်သာဖြစ်ရပါမယ်။ )
(မြန်မာပြည်ကနေလျှောက်သူတွေအတွက် Financial Statement မှာ USD 12,000 သို့ MMK 10,000,000 ပြရပါမယ်။ Financial Statement မရှိတဲ့သူတွေအတွက် အိမ်ထောင်စုစာရင်းထဲက မိသားစုတစ်ဦးတစ်ယောက်ရဲ့ Bank Statement သို့ Real Estate and Car Ownership Certificate ကို အိမ်ထောင်စုစာရင်း သို့ လက်ထပ်စာချုပ်နဲ့အတူတကွ တင်ပြလို့ရပါတယ်။
Company Letter (အလုပ်လုပ်နေတဲ့သူတွေအတွက် သက်ဆိုင်ရာကုမ္ပဏီကနေ အမည် ရာထူး လစာဝင်ငွေ အလုပ်စ၀င်သည့်ရက်၊ ကိုရီးယားသွားမည့်ရက် အလည်သွားမည့်အကြောင်းအရာနှင့် အလုပ်ပြန်ဝင်မည့်ရက် စတာတွေ ဖော်ပြထားတဲ့ Certificate of Employment တင်ပြရန်လိုအပ်ပါတယ်။)

၂-- လေယာဉ်လက်မှတ်ကို မိမိသွားမည့်ရက်ကို ခန့်မှန်းပြီး ၅လလောက်ကြိုဝယ်လေ ဈေးချိုလေပါ။
သုန်သုန်တို့ကတော့ ဒီဇင်ဘာအတွက်ကို မေလလောက်တည်းက ၀ယ်ထားပြီး တိုက်ရိုက် flight မ၀ယ်ပဲ ထိုင်ဝမ်မှာ Transit လေယာဉ်ဝယ်ခဲ့ပါတယ်။ စင်္ကာပူကနေ ကိုရီးယားကို
ကြာချိန် ၆ နာရီဖြစ်ပေမဲ့ Transit ၀ယ်တော့ ၉ နာရီကြာသွားပါတယ်။
အဓိက ငွေချွေတာချင်လို့ပါ။ 1 stop flight နဲ့ Direct Flight ကတစ်ခါတစ်လေ
တော်တော်လေးဈေးကွာပါတယ်။ မိမိသွားမည့်ရက် လေယာဉ်လက်မှတ်အတွက်သုံးမည့် Budget ကို တွက်ပြီး sky Scanner
https://www.skyscanner.com.sg/ ကနေ လေယာဉ်လိုင်းပေါင်းများစွာရဲ့
ဈေးနှုန်းတွေကို ရွေးချယ်ဝယ်လို့ရပါတယ်။

၃-- Domestic flight ticket ၀ယ်ခြင်းဆိုတာကတော့ Seoul ကနေ အခြား ခရီးဝေးတွေကို သွားချင်သူတွေအတွက်ပါ။ ဥပမာ Seoul ကနေ Jeju ကိုသွားချင်ရင်ကြိုဝယ်ထားလေ ဈေးချိုလေမို့ပါ။ Sky Scanner ကနေပဲ ရှာရှာ တစ်ခြား Agent Website ကနေရှာရှာ တကယ်ငွေချေတဲ့အခါ သူတို့ ကိုရီးယား Official website ကိုရောက်သွားတဲ့အတွက် ဘာသာစကားနားမလည်တာတွေ ငွေချေဖို့ Credit Card ကို Oversea သုံးဖွင့်ရတာတွေနဲ့ နည်းနည်းတော့အလုပ်ရှုပ်ပါတယ်။ ကိုရီးယားရောက်မှ သူတို့ ကောင်တာမှာဝယ်လို့ရပေမဲ့ သုန်သုန်တို့က ငွေကိုရသလောက်ချွေတာချင်လို့ ကြိုဝယ်ပါတယ်။ ဆိုးလ်ကနေ ဂျယ်ဂျူကို SGD 95 လောက်ပဲပေးခဲ့ရပါတယ်။ တကယ်တော့် ဆိုးလ်ကနေ ဂျယ်ဂျူကို Flight, Bus, Ferry စတဲ့ နည်းမျိုးစုံနဲ့သွားလို့ရပေမဲ့ မိမိအချိန်နဲ့အဆင်ပြေတာ အချိန်ကုန်သက်သာတာကိုစဉ်းစားလို့ လေယာဉ်လက်မှတ်ပဲဝယ်ဖြစ်ပါတယ်။ Flight ဆိုရင် Seoul (Gimpo) လေဆိပ်ကနေ ဂျယ်ဂျူကို ၁နာရီ၁၀မိနစ်ပဲကြာပါတယ်။ တခြားနည်းနဲ့သွားလို့ရတာတွေတော့ နောက်အပိုင်းတွေမှ ရေးပေးပါ့မယ်နော်။

၎-- ကိုရီးယားနိုင်ငံဟာ နိုင်ငံခြားသားခရီးသွားများပြားလာတာနဲ့အမျှ နေထိုင်တည်းခိုစရာတွေလဲ တော်တော်လေးရွေးချယ်စရာပေါပါတယ်။ ကိုယ်နေချင်တဲ့နေရာရယ် သွားလာလွယ်ကူတဲ့နေရာရယ်ကို အဓိကရွေးချယ်ပြီး ဈေးနှုန်းဘယ်လောက်ကျမည် ဘယ်လို Facilities တွေပါမည်ဆိုတာကို Agoda,Hotel.com, Trivago, Expedia စတာတွေကနေ Booking လုပ်ထားလို့ရပါတယ်။ ငွေကြိုပေးထားစရာမလိုဘဲ မိမိသွားမည့်ရက် နေမည့်ရက်ကို ကြိုတင် Reserve လုပ်ထားလေ ဈေးချိုလေပါပဲ။ ကိုရီးယားမှာ Hotel, Motel, Hostel တွေနဲ့ Guest House စတာတွေ တော်တော်လေးရွေးချယ်စရာများပါတယ်။ သုန်သုန်ကတော့ Agoda ကနေ Booking လုပ်နေကြမို့ https://www.agoda.com/ ကိုရီးယားမှာ ဈေးဝယ်လို့လဲကောင်း သွားရလာရအဆင်ပြေတဲ့ MyeongDong Area ကိုရွေးလိုက်ပါတယ်။ Tourist တွေအကြိုက် ဈေးဝယ်စရာတွေများပြီး ဆိုးလ်တာဝါနဲ့လဲ နီးသလို မြေအောက်ရထား Myeongdong station exit နဲ့လဲတော်တော်လေးနီးပါတယ်။ Agoda မှာပဲဖြစ်ဖြစ် တခြား website တွေကပဲဖြစ်ဖြစ် Booking လုပ်တဲ့အခါ ငွေပေးချေမှုကို မိမိနှစ်သက်ရာရွေးချယ်နိုင်ပြီး ကြိုတင်ပေးစရာမလိုတာကြောင့် သွားမည့်ရက်နဲ့ အချိန်စောလေ ဈေးချိုလို့ ဟိုတယ်ကိုတော့ ကြိုတင်ရှာထားကြပါ။

၅-- Korail Ticket ဆိုတာက တခြားမဟုတ်ပါဘူး ။ ကိုရီးယားနိုင်ငံတွင်း ခရီးဝေးသွားမည့်သူတွေအတွက် ရထားလက်မှတ်ပါပဲ။ လက်မှတ်ဈေးတွေက တသတ်မတ်တည်းရှိပေမဲ့ ရောက်မှဝယ်မယ်ဆိုလျှင် ခရီးသွားကာလလိုမျိုးတွေမှာ မိမိသွားချင်တဲ့အချိန်ဝယ်မရမှာဆိုးလို့ ကြိုတင်ဝယ်ထား Reserve လုပ်ထားချင်သူတွေအတွက် Website ပါhttp://www.letskorail.com/ebizbf/EbizBfTicketSearch.do
ဒီWebsite ကနေ မိမိသွားချင်တဲ့နေရာ အချိန် Reserve လုပ်မည့် ရထားအမျိုးအစားတွေကို ရွေးချယ်ပြီး ကြိုတင် Reserve လုပ်ကာ အဲ့ဒီ Booking Confirmation စာရွက်ကို ပရင့်ထုတ်သွားပြီး Depart station မှာ ရထားလက်မှတ်ကို ပက်စပို့စ်နဲ့ ပြပြီး ထုတ်ယူရပါမယ်။ ဥပမာ Seoul ကနေ Nami Island (Winter Sonata ဇာတ်လမ်းရိုက်တဲ့နေရာ) တို့ Petite France (My Love from the stars တို့ Running Man ) တကယ့်နာမည်ကြီးဇာတ်လမ်းတွေရိုက်သွားတဲ့နေရာတွေ (ကိုရီးယားဖန်တွေအသိဆုံးပါ :D) နိုင်ငံခြားသားခရီးသွားတွေအကြိုက်များတဲ့ အဲ့လိုနေရာတွေ သွားမည်ဆိုလျှင် Korail ကနေ ရထားလက်မှတ် ၀ယ်ရမှာမို့ အဆင်ပြေအောင် ရေးထားပေးပါတယ်။ Korail website ၀င်တဲ့အခါ ကိုရီးယားဘာသာစကားတွေကို
ညာဘက်အပေါ်နားလေးက Language မှာပြောင်းပြီး မိမိလိုချင်တဲ့ လက်မှတ်ကို တစ်လကြိုတင်ဝယ်ယူလို့ရပါတယ်
အဝေးပြေးရထားလက်မှတ်တွေအတွက်သာ ဒီWebsite ကနေ၀ယ်ရပေမဲ့ Seoul မြို့အတွင်း သွားလာမှုကိုတော့ T Money Card (Ezlink card in singapore) လိုမျိုးတွေကို ငွေဖြည့်ကာ ရထား ဘက်စ်ကား Taxi စတာတွေနဲ့ သွားတဲ့အခါ သုံးရပါတယ်။ Recharge, refund တွေကို လွယ်လွယ်ကူကူ လုပ်လို့ရပါတယ်။ နောက်တစ်မျိုးက လူသိပ်မသိသေးတဲ့ Tourist တွေအတွက်သာသုံးလို့ရတဲ့ K Tour Card ပါ။ K tour card ကလဲ T money card လိုပဲ Transportation အမျိုးမျိုးအတွက်တင်မက ကိုရီးယားမှာ ဈေးဝယ်တဲ့အခါ လျှော့ဈေးရတဲ့ ကဒ်ပါပဲ။ ငွေဖြည့် ငွေပြန်ထုတ်ကို T money card လိုပဲ လွယ်လွယ်ကူကူလုပ်လို့ရတယ် ။ သူက ဈေးဝယ်တဲ့အခါ တစ်ချို့နေရာတွေ ပစ္စည်းတွေအတွက် Discount ရလို့ နိုင်ငံခြားသားခရီးသွားတွေ သုံးသင့်တဲ့ ကဒ်ပါပဲ။ သုန်သုန်တော့ ဘာဝယ်ဖြစ်မယ်မှန်း မသိသေးပါဘူး။

၆-- Discount Coupon အကြောင်းကတော့ ကိုရီးယားကိုအလည်သွားကြမဲ့
မိန်းကလေးတွေတော်တော်လေးသဘောကျနှစ်သက်မဲ့အရာပါပဲ။ ကိုရီးယားသွားမယ်လို့စီစဉ်လိုက်တည်းက Research လုပ်ရင်း တွေ့လာတာလေးပါပဲ။ အဲ့ဒီ Coupon တွေကို Visit Korea Committee website
http://vkc.or.kr/en/special-offers/discount-coupons/မှာ Pint out လုပ်လို့ရပါတယ်။ Cosmetic brand မျိုးစုံအပြင် အခြား tourist attraction ၀င်ကြေးတွေ ကိုရီးယား Product တွေကိုပါ Discount ချပေးထားတဲ့ ကူပွန်လေးတွေဖြစ်လို့ တော်တော်လေးဈေးသက်သက်သာသာနဲ့ရပါမယ်။ ကူပွန်တစ်စောင်ကို တစ်ဦးနှုန်း Print out ရတာမို့ Discount coupon တွေနဲ့တင် အိတ်လဲ တော်တော်လေးနေပြီ။ Print out မလုပ်ခင် သေချာစစ်ရမှာက သူတို့ Discount ပေးတဲ့ နေရာက ကိုယ်သွားလို့ အဆင်ပြေမဲ့ Branch ဖြစ်ဖို့ရယ်
ဘယ်လိုပစ္စည်းတွေအများဆုံးဈေးချတတ်လဲဆိုတာရယ် သတ်မှတ်ရက်အတွင်း သွားနိုင်မသွားနိုင်ရယ်ပါ။ သုန်သုန်ကတော့ ဈေးဝယ်ဖို့တစ်ရက်အချိန်ပေးထားလို့ Myeongdong အနီးတစ်ဝိုက် Discount coupon တွေ ပရင့်ထုတ်ထားလိုက်တော့တယ်။ :P သေချာသိချင်ရင် အဲ့ဒီဝက်ဘ်ဆိုဒ်မှာပဲ သွားဖတ်လိုက်နော်
>> http://vkc.or.kr/en/special-offers/discount-coupons/ <<

ကိုရီးယားမသွားခင် မိမိဘာသာ Research လုပ်ချင်သူတွေအတွက် လေ့လာနိုင်ဖို့ Website လေးတွေ >> http://english.visitkorea.or.kr/enu/ATR/ATR_MAIN.jsp<<<<< http://vkc.or.kr/en/visit-korea-year/committee/ <<<<<

နောက်ထပ်သိထားသင့်တာလေးတွေကတော့ ကိုရီးယားဟာ Left Driving ဖြစ်တာတွေ ။
အိမ်ပြန်လက်ဆောင်ဝယ်လာမိတဲ့အခါ သူတို့ရိုးရာအစားအစာဖြစ်တဲ့ ကင်ချီိကို 300G ထက်ပိုသယ်မရတာတွေ ။ Facial Mask တွေကို Hand Carry ထဲများထည့်မိမယ်ဆိုလျှင် 10ခုထက် ပိုလို့မရတာတွေ ။ သူတို့နိုင်ငံက Shopping mall တွေဟာ များသောအားဖြင့် ည၉နာရီမတိုင်ခင်ပိတ်တတ်တာတွေ ။ Tourist Attraction ဖြစ်တဲ့ တစ်ချို့နေရာတွေကို များသောအားဖြင့် Monday တိုင်းပိတ်တာတွေဖြစ်ပါတယ်။ ကြိုသိထားတော့ ဆင်ခြင်လို့ရတာပေါ့လေ။ နောက်ပြီး ဟိုတယ် booking လုပ်တဲ့အခါ ကိုရီးယားမှမဟုတ်ဘဲ တခြားဘယ်နိုင်ငံသွားသွား Agoda, hotel.com, Expedia တို့ကနေ၀ယ်တဲ့အခါ ကိုယ်သုံးလိုက်တဲ့ငွေရဲ့ ရာခိုင်နှုန်းအနည်းငယ် (7%)ငွေပြန်ရတဲ့ Cash Back တွေအကြောင်းနောက်မှ အေးဆေးရေးပေးမယ်နော်။ သုန်သုန်ကတော့ Agoda ကနေ၀ယ်ပေမဲ့ cash back လုပ်ဖို့သတိမရခဲ့လို့ ငွေပြန်မရပါဘူး။ ဘာဝယ်ဝယ် အွန်လိုင်းကဈေးဝယ်ရတာသဘောကျသူတွေအတွက် cash back ဟာ သိသင့်သိထိုက်တဲ့ ငွေပြန်ယူနည်းပါပဲ။ နည်းနည်းများများ အချိန်ခဏစောင့်ရပေမဲ့ ငွေပြန်ရတာနည်းလားလေ။ Shop Back ကနေ ကိုယ့်ဘာသာအကောင့်ဖွင့်ပြီး Log in ၀င်ရင် စစချင်း Bonus 5$ မရတာမို့ အကောင့်ဖွင့်ချင်သူတွေ Email ပေးခဲ့ပါ။ သုန်သုန် Invite လုပ်ပေးပါ့မယ်။ စင်္ကာပူမှာ ဈေးဝယ်ရတာက များသောအားဖြင့် ဈေးကြီးတတ်တော့ ဒီလို Cash Back ရတဲ့နေရာတွေကနေ ဈေးဝယ်တဲ့အခါ ငွေကိုပြန် redeem လုပ်နိုင်တော့ တော်တော်လေးအဆင်ပြေပါတယ်။

ဒီလောက်ဆိုရင်တော့ ကိုရီးယားမသွားခင် ပြင်ဆင်သင့်တာလေးတွေ သိသင့်တာလေးတွေ အကြမ်းဖျင်းတော့ သိသွားပြီထင်ပါတယ် ...Free & Easy သွားရတာက Tour နဲ့သွားတာထက်စာရင် ပင်ပန်းပေမဲ့ တော်တော်လေး ဗဟုသုတရပါတယ်။ Research ရှာတုန်းကဆိုရင် သူတိုနိုင်ငံက အခေါ်အဝေါ်တွေ လမ်းအမည် ရထားဘူတာအမည်တွေနဲ့တင် ပတ်ချာလည်လိုက်ပြီး မြေပုံတော်တော်လေး အလွတ်မှတ်သလိုကို မှတ်နေရပါတယ်။ ... တခြား ခရီးသွား စင်္ကာပူလူမျိုးတွေရဲ့ Blog တွေကနေ မိမိသွားချင်တာ သိချင်တာတွေ အကုန်ရှာရပါတယ်။( မြန်မာလိုရေးတဲ့ ကိုရီးယားခရီးသွားဘလော့ တစ်ခုပဲ တွေ့လို့ပါ)။ Blog မှာ အတွေ့အကြုံတွေ စုထားချင်တာမို့ မသွားခင် သိသင့်တာလေးတွေ သူများတွေလဲသိရအောင်ရှယ်ပေးထားတာပါ။

တစ်ခုခုလိုအပ်လွဲချော်နေပါက သုန်သုန့်ရဲ့ လေ့လာမှုအားနည်းခြင်းကြောင့်သာမို့ ပြင်ဆင်ပေး အကြံပေးကြဖို့ မျှော်လင့်ပါတယ်။

နှစ်သစ်မှာ အားလုံး အားလပ်ရက်တွေကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေ။

သုန်သုန်
17/12/2016

No comments:

Post a Comment