Monday, 18 January 2016

လက်တွဲမဖြုတ်ခဲ့ပါ.. သို့သော်

၂၀၁၅ ဇွန်လ ၂၈ ရက် .. 
မောင် နဲ့ မေဖူးတို့ သားလေးတောင် အသက် ၅ နှစ်ပြည့်လုနီးခဲ့ပြီ ...  မေဖူးတို့ကားလေးက .. မေဖူး ဘဝမှာ အချစ်ခဲ့ရဆုံး မောင့်ဆီသို့ ... 

၂၀၀၈ သြဂုတ်လ ၁၆ရက် ... 
မနက် ၈ နာရီ ရုံးချိန်ဆိုပေမဲ့ kranji ဘက်မှာက ကားမှတ်တိုင်တစ်ခု လူတစ်ယောက်တွေ့ဖို့တောင်ခက်ခဲသည် .. အိမ်ကထွက်လာတော့ မိုးအရိပ်အရောင် ဘာမှတောင်မမြင်ရ ... လမ်းတစ်ဝက်ရောက်မှ မိုးက သည်းကြီးမည်းကြီးရွာသည်။ အိတ်ထဲကြည့်လိုက်တော့ ထီးကမပါ .. သေပြီ ..
ဒီနေ့မနက် အစည်းအဝေးရှိလို့ အရေးကြီးသုတ်ပြာထွက်လာကမှ ရုံးကို ၈ နာရီခွဲရောက်ဖို့တောင် ဒီမိုးဒီရေနဲ့ ကားမှတ်တိုင်ကနေ ရုံးကိုမည်သို့မည်ပုံပြေးရမည်မသိ ။ ကားမှတ်တိုင်နဲ့ ရုံးက ၇ မိနစ်လောက်ပဲ လမ်းလျှောက်ရတယ်ဆိုပေမဲ့ မိုးခိုစရာ ဘာအမိုးမှ မရှိ .... ဒုက္ခနဲ့လှလှတော့တွေ့ပီ .. 

ဆင်းရမည့်မှတ်တိုင်ရောက်တော့ မေဖူး ကားပေါ်က ခပ်သွက်သွက်ဆင်းလိုက်သည်။ အခြားဆင်းသူ ဘယ်သူမှမပါလာ ။ မိုးသည်းပုံကလည်း ကားမီးဖွင့်မောင်းရင်တောင် မသည်းကွဲသောအဖြစ် ။ မတတ်နိုင် .. မိုးဆဲအောင် ခနစောင့်ရတော့မည် ။ သူဌေးကို မက်စေ့ပို့အကြောင်းကြားလိုက်သည် ။ မေဖူး နောက်ကျမယ်ပေါ့ .. 

၁၅ မိနစ်လောက်နေတော့ နောက်ထပ် ဘက်စ်ကားတစ်စီးရပ်သည်။ အတော်ဝမ်းသာသွားသည်။ ထီးကြုံကပ်လိုက်ရန် တွေးထားလိုက်သည်။ 
စတိုင်ဘောင်းဘီအနက်ရောင်နဲ့ formal shirt လက်ရှည်အပြာရောင်ဝတ်ထားတဲ့ အသက် ၃၀ အရွယ်ထင်ရတဲ့လူတစ်ယောက် ။ ထီးကောက်ရှည်ကြီးတစ်ချောင်းကိုင်ထားလေသည် ။ မေဖူးတို့ ဆန္ဒတော့ ပြည့်လေပြီ ... 

Hello ! 
Can you help me to take umbrella with you.
I am so urgent to catch my meeting on time . I forget my umbrella and cannot go my office now. Please. 

ဟုတ်ကဲ့. ရုံးကဘယ်နားမှာလဲခင်ဗျ .. 
တိန် သေရော !! မြန်မာပါလား . 

အော် .. ကျေးဇူးပါအစ်ကို . မေဖူး ရုံးကိုသွားဖို့ အဆင်မပြေလို့ အစ်ကိုသွားမဲ့နေရာကြုံရင် လိုက်ပါရစေ . အရေးကြီးနေလို့ပါ . 

ရပါတယ်ခင်ဗျ . Unit နံပါတ်ဘယ်လောက်လဲဗျ. 
No- 14 ပါ အစ်ကို ။ 
Ok ပါ ကျနော် 17 သွားမှာဆိုတော့ အဆင်ပြေပါတယ် ။ 
ကျေးဇူးပါ . မေဖူး အစည်းအဝေးက အရမ်းအရေးကြီးနေလို့ပါ . 

မေဖူး လက်က မြန်မာအဆောင်လက်ဖွဲ့ကြိုးလေးကြောင့် မြန်မာမှန်းသိသွားပုံရသည် ။ 
မိုးတွေသည်းသည်းအောက်မှာ သူစိမ်းယောကျာ်းတစ်ယောက်နဲ့အတူ ထီးတစ်ချောင်းတည်း သွားရတဲ့ အဖြစ်က အတော်ဆိုးလှသည်။ မတတ်နိုင် ။ ကိုယ့်အပြစ်နဲ့ကိုယ်သာ ။ မိုးရာသီဟာ မေဖူးသိပ်မုန်းတဲ့ ရာသီဖြစ်လို့လားမသိ . အမြဲ မိုးသည်းထန်တိုင်း မေဖူးအတွက် စိတ်ညစ်စရာတစ်ခုကြုံတတ်သည် ။ 

ကျနော် . ရုံးခန်းအပေါက်ထိ လိုက်ပို့ပေးမယ်ဗျ။ မိုးအရမ်းသည်းနေ တယ်လေ ။ 
ကျေးဇူးပါ ။ 

ရုံးခန်း balcony အောက်ထိလိုက်ပို့ပေးပြီးနောက် .. ကျေးဇူးတင်စကား သေချာတောင်မပြောဖြစ်ခဲ့လိုက်ပါ .. ကိုယ်ကလဲ အရေးပေါ်ဖြစ်နေတာကိုး .. နောက်မှ တွေးမိပြီးအားနာသွားသည် ။ကဲပါလေ .. ကောင်းသောတိုက်ဆိုင်ကူညီမှုအတွက် ကျေးဇူးတင်ပါတယ် ။ 

------- 
ဒီအပတ် weekend .. ကျောင်းဆက်တတ်ဖို့ကိစ္စနဲ့ပတ်သတ်ပြီး သော်သော်နဲ့ seminar တစ်ခုသွားဖို့ register လုပ်ထားသည် ။ မိသော်က သွားခါနီး ၁ နာရီလောက်အလိုမှ နေမကောင်းလို့ မလိုက်ဖြစ်ကြောင်း ဖုန်းဆက်လေသည်။ စိတ်တော့ညစ်သွားသည်။ ဒီလိုမျိုးဆိုတာ မိတ်ဆွေပါမှ တိုင်တိုင်ပင်ပင် မေးချင်တာပိုမေးရတာကောင်းတာလေ ။ ခုတော့ .. မတတ်နိုင်ဘူး .. မေဖူး စိတ်ဝင်စားလို့ ကိုယ်တိုင် register လုပ်ထားတာဆိုတော့ တစ်ယောက်တည်း သွားရန်ဆုံးဖြတ်လိုက်သည်။ MBA က မေဖူးဘဝရဲ့ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းဆိုလဲ မမှားဘူးလေ ... 

Fullerton Hotel အဲကွန်းရဲ့ အေးစိမ့်မှုဒဏ်က အပြင်က မိုးကြောင့် ပိုအေးလာသည် ထင်ရသည် ။ မေဖူးထိုင်နေမိတာကလဲ အဲယားကွန်းအောက်တည့်တည်။ အနွေးထည်လက်ရှည်ကပါမလာ ။ လက်ပြတ်ဝတ်လာမိခြင်းက လက်မောင်းတွေတောင် ထုံလာသည့်သဘော။ မဖြစ်ချေ .. နေရာပြောင်းထိုင်တော့မည်။ presentation ပြီးတာနဲ့ တစ်ယောက်ချင်း ကိုယ်သိချင်တာ မေးရမည့် အချိန်ကိုမရောက်ခင် အအေးပတ်ပြီး ပြန်ရမဲ့အခြေအနေတော့ မဖြစ်ချင် ။ အဲယားကွန်းနှင့်အနည်းငယ်ဝေးသည့် နေရာပြောင်းထိုင်လိုက်တော့သည်။ ... 
ဟူး... တော်ပါသေးရဲ့ .. အနည်းငယ်တော့ နွေးသွားသည် ။ 

ဒီက .. မမေဖူး တစ်ယောက်လား ခင်ဗျ .. 
ဟင် .. ဘေးက နှုတ်ဆက်တဲ့သူကို ကျမ မြင်ဖူးသလိုဆိုပေမဲ့ မရင်းနှီးခဲ့ပါ .. 
ဟုတ်ကဲ့ရှင့် ... 
ဒီက အစ်ကိုက .. ဆောရီးနော် မေဖူး အမည်မမှတ်မိဖြစ်နေလို့ပါ .. 

အော် .. တစ်လောက မမေဖူး မိုးရွာထဲ ထီးမပါလို့ ကူညီခဲ့တဲ့သူလေ .. ကျနော်က အမည်မမိတ်ဆက်ခဲ့ရတော့ မမေဖူး ဘယ်သိပါ့မလဲဗျာ .. ကျနော် မေ့လျော့မှုပဲ ဆိုပါတော့ .. မေဖူး အမည်က မေဖူးစကားပြောရင် ထည့်ထည့်ပြောတော့ မှတ်မိနေတာပါ ... 

အော် .. အစ်ကိုရယ် ဆောရီးပါ .. မေဖူး ဖြတ်ခနဲ မေ့သွားတယ် .. ကိုယ့်ကျေးဇူးရှင်ကိုတောင်နော် .. 

ဟားဟား .. ရပါတယ်ဗျာ .. ကျေးဇူးရှင်လဲ မဆိုပါနဲ့ဗျ .. အကူအညီလိုအပ်နေလို့ ကူညီခဲ့တယ်သဘောပေါ့ .. ကျနော့် အမည် မှတ်ထားပါဦးခင်ဗျ .. 
မိုးစက်ပါ .... 

ဟုတ်ကဲ့ပါ .. ကိုမိုးစက် .. 
မေဖူး မှတ်ထားပါ့မယ် .. 

Seminar ပွဲပြီးတော့ .. ကိုမိုးစက် ဖိတ်ခေါ်မှုကြောင့် အနီးနားက ကော်ဖီဆိုင်တစ်ခုမှာပဲ စကားပြောဖြစ်ခဲ့ကြ ... ကိုမိုးစက်က construction productivity အတွက် ဒီမှာ ကျောင်း လာတတ်နေခြင်းဖြစ်ပြီး လွန်ခဲ့သော ၆နှစ်ကျော်တည်းက စင်္ကာပူရောက်ကာ မနှစ်ကစပြီး မြန်မာပြည်ကသူ့မိသားစုလက်ရှိ construction company ကို ဦးစီးဖို့ ဒီမှာ လိုအပ်တဲ့ ကျောင်းတွေဆက်တတ်နေတာဟုသိခဲ့ရသည် ။ သူ့ညီ PR ရလာတော့ ခု သူ့ညီအတွက် MBA တတ်ဖို့ လာပြီး seminar တတ်ခြင်းဖြစ်ကြောင်း ရှင်းပြသည် ။ ကိုယ့်ထက် ၉ နှစ် အသက်ပိုကြီးပေမဲ့ မထင်ရလောက်အောင် အရွယ်တင်သည်ဟု မေဖူး သတိထားမိခဲ့သည် ... 
Visiting card လဲလှယ်ကြရင်း ၂ နာရီနီးပါးကြာ စကားတွေပြောပြီးမှ အိမ်ပြန်ဖို့ လမ်းခွဲခဲ့ကြသည် ။ ကိုမိုးစက်ဟာ အသက်ရွယ်ထက်စာ အရွယ်တင်ပေမဲ့ အရမ်းရင့်ကျက်တည်ငြိမ်တာ မေဖူး သတိထားမိသည် ။ အိမ်ပြန်ရောက်တော့ ထိုညဟာ မေဖုးအတွက် သူစိမ်းအမျိုးသားတစ်ယောက်အကြောင်း စဉ်းစားမိခဲ့တယ်ထင်ပါတယ်။ 

ဒီလိုနဲ့ .. အချိန်တွေ ရက်တွေဟာ ရုံးကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေခဲ့တာဟာ ၈ လပိုင်း public holiday ပိတ်ရက်တစ်ရက် ကိုမိုးစက်နဲ့ တတိယအကြိမ်မြောက် တိုက်ဆိုင်ဆုံစည်းမှုဟာ မေဖူးတို့နှစ်ယောက်ပတ်သတ်မှု အရောင်ပြောင်းသွားဖို့ ကံကြမ္မာကဖန်တီးခဲ့တယ် ဆိုရမလားပါပဲလေ .. 

ယမုံရဲ့ မင်္ဂလာဆွမ်းကျွေးအတွက် .. မြန်မာဝတ်စုံပန်းဆီရောင်လေးနဲ့ အဖြူရောင်ပုဝါလေးတစ်ထည်  ဝတ်ခဲ့ပြီး.. ဘုန်းကြီးကျောင်းသို့ထွက်ခဲ့သည် ။ ဖိနပ်အမြင့်ကြောင့် Taxi ငှားလာဖြစ်ခဲ့သည်။ ဘုန်းကြီးကျောင်းရောက်တော့ ဖိနပ်စင်မှာ ဖိနပ်ချွတ်ခဲ့ပြီး .. ယမုံတို့ မင်္ဂလာမောင်နှံကို နှုတ်ဆက်ဖို့ အပေါ်တတ်ခဲ့သည် ။ .. ဒုတိယထပ်အရောက်မှာ ပခုံးပေါ်က ပုဝါမရှိတော့လေပြီ။ စိတ်ညစ်ရပြန်ပြီ .. ဖိနပ်စင်မှာ ဖိနပ်ချွတ်ရင်း ကျကျန်ခဲ့တာဟုထင်မိသည် ။ ယမုံတို့ နှုတ်မဆက်သေးပဲ အောက်ပြန်ဆင်းရှာဖို့ပဲ အရင်ဆုံးဖြတ်လိုက်ပြီး လှေကားကနေ ပြန်ကွေ့လိုက်သည် ... 

ဟင် .. မေဖူး ... 
အို .. ကိုမိုးစက် .. ဆုံပြန်ပြီ .. 
ဟုတ်ပါ့ဗျာ ... မမေဖူးနဲ့ ထပ်ဆုံရတာ ကျနော် ဝမ်းသာလိုက်တာဗျာ . 
ဒါနဲ့ .. ကိုမိုးစက်လက်ထဲက ပုဝါလေးက .. 
အော် .. ကျတော် ဖိနပ်စင်နားတွေ့လို့ တစ်ယောက်ယောက်များပြုတ်ကျလားလို့ ပေးရအောင် ယူလာတာခင်ဗျ ... 
ကျေးဇူးပါ .. ကိုမိုးစက် .. အဲ့ဒါ မေဖူး ပုဝါလေးပါ ... 
ကိုမိုးစက် ယမုံ မင်္ဂလာဆွမ်းကျွေးလာတာလား .. 
ဟုတ်တယ်ဗျ .. မေဖူးက ယမုံသူငယ်ချင်းလား .. 
ကျနော်ကတော့ သူ့အမျိုးသားနဲ့ပဲ ခင်တာဗျ .. ယမုံကို ၁ ခါပဲ အပြင်မှာဆုံဘူးသေးတာ .. 

အပေါ်ရောက်တော့ ယမုံ နဲ့ သူ့အမျိုးသား ကိုမင်းနောင် မိတ်ဆက်ပေးရင်းမှ မေဖူး နဲ့ ကိုမိုးစက်ဟာ အရင်တည်းက သိနေပြီးကြောင်း ပြောပြဖြစ်သည် ။ ကိုမင်းနောင် နဲ့ ကိုမိုးစက်က state ကျောင်းသားဘဝတည်းက ငယ်ပေါင်းကြီးဖော်တွေဖြစ်ခဲ့ကြတာ သိခဲ့ရသည်။ မေဖူး နဲ့ ယမုံကတော့ ဒီမှာ တစ်ခန်းတည်း အတူနေဖူးခဲ့ကြသည့် သူငယ်ချင်းတွေဖြစ်ကြကြောင်း ပြောပြခဲ့ကြသည် ။ 

ထိုအချိန်ကစ .. မေဖူးနဲ့ ကိုမိုးစက်ကြား အဆက်အသွယ်တွေ စိပ်လာခဲ့သလို .. Goodmorning, goodnight စတာလေးတွေနဲ့ line sticker လေးတွေကြား စနောက်ခဲ့ကြသလို ..  သောကြာ ညနေခင်းတိုင်းဟာ ကော်ဖီဆိုင်တစ်ခုခုမှာထိုင်ပြီး စကားတွေပြောခဲ့ကြ.. အတွေးတွေ ဖလှယ်ရင်း သံယောဇဉ်ပိုလာကြတယ်ဆိုပါတော့ ..

သောကြာနေ့တစ်နေ့ .. ကိုမိုးစက်နဲ့ သိကျွမ်းခင်မင်လာခဲ့တာ ၉လ နီးပါးကျောလာပြီးတဲ့တစ်နေ့ .. 
မေဖူး .. ဒီနေ့ ကိုယ်တို့ East coast ဘက်လမ်းလျှောက်ထွက်ရအောင် .. မေဖူး သွားချင်လား !! 
ကောင်းသားပဲ .. မေဖူးလဲ ပင်လယ်လေ မရှုရတာကြာပြီ .. သွားမယ် .. 
မေဖူးတို့ ကမ်းစပ်နဲ့ မလှမ်းမကွာလေးမှာပဲ ထိုင်ကြရင်း .. ပင်လယ်လေရဲ့အရသာကို ရှုရှိက်ရင်း တတ်ဆိတ်နေခဲ့သည် ။ 
မေဖူး ... ဟိုမှာ စင်ရော်ငှက်လေးတွေ .. မြင်လား .. 
ပင်လယ်တို့ မြစ်တို့မှာ စင်ယော်တွေသာပျော်မွေ့ပြီး ကျန်တဲ့ငှက်တွေဘာလို့ မပျော်မွေ့တာလို့ မေဖူးထင်လဲ ... 
အယ် .. ကိုမိုးစက်ကတော့ မေဖူးကို ခေါင်းစားပြီ .. 
မေဖူးထင်တာသာ ပြောပါ .. 
ကိုမိုးစက် .. မရီရဘူးနော် ... 

အင်း .. 
မေဖူးကတော့ .. စင်ယော်ဆိုတာ ပင်လယ်တို့ မြစ်တို့မှာ ပျော်မွေ့တယ်ဆိုတာထက်လေ ... ပင်လယ်နဲ့စင်ယော်ဟာ သဘာဝက သူ့အလိုလိုဖန်တီးပေးထားတဲ့ အတူတွဲမြင်ရမှ တင့်တယ်လှပသလို .. စင်ယော်ဟာ ပင်လယ်ကို ချစ်သလို ပင်လယ်ကလှိုင်းတွေကလဲ စင်ယော်ငှက်တွေအတွက် ပြဇာတ်တစ်ပုဒ်လို ကဗျာဆန်မယ်လို့ .. မေဖူးထင်တယ် .. 
ဟီးဟီး ... 
မေဖူး .. 
ကိုယ်လဲလေ .. မေဖူးဟာ ဘုရားသခင်က ဖန်ဆင်းပေးလိုက်တဲ့ ကိုယ့်ရဲ့စင်ယော်ငှက်လေး ဖြစ်ရင်သိပ်ကောင်းမှာပဲ တွေးမိတယ် .. 
ရှန် .. 
မေဖူး အသံတောင် တုန်သွားသည် .. 
ဟုတ်တယ် .. မေဖူး .. 
ကိုယ့်ဘဝဟာ ကျောင်းပြီးတည်းက မိသားစုကြား စီးပွားရေးတွေကြားမှာပဲ အချိန်ကုန်ခဲ့တာများခဲ့တယ် ။ မေဖူးနဲ့တွေ့ပြီးမှ ကိုယ့်ဘဝမှာ ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ ခံစားသိလာရတယ်။ မေဖူးနဲ့ ကိုယ်တွေ့တာ မကြာသေးပေမဲ့ ကိုယ့်အသက်အရွယ်အရ မေဖူးကို ဖွင့်ပြောဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့တယ်။ ကိုယ့်ဘဝမှာ ကိုယ်တကယ်မြတ်နိုးတဲ့ မိန်းကလေးကိုပဲ ချစ်တယ်ဖွင့်ပြောပြီး ထာဝရလက်တွဲဖို့ဆုံးဖြတ်ထားတယ်။  
ကိုယ် .. မေဖူးကို ချစ်တယ် .. 
ကိုယ့်ကို လက်ထပ်ခွင့်ပေးပါ ။ 
ဒါ ကိုယ့်ဘဝမှာ ပထမဦးဆုံး ပြောဖြစ်တဲ့ ရင်ထဲကစကားပါ .. မေဖူး .. စိတ်မဆိုးရင် ကိုယ့်ကို တစ်ခုခုပြန်ပြောပေးပါ ... 

ရှန် ... 
မေဖူး .. အသံတုန်တာတင်မဟုတ်တော့ မျက်လုံးပါ ပြူးသွားသည် ။ ဘယ်လိုလူကြီးပါလိမ့် ။ ရည်းစားစကားတစ်ခါတည်းပြော လက်ထပ်ခွင့်ပါ တစ်ခါတည်းတောင်း ... 

ကိုမိုးစက် ... 
မေဖူး .., စိတ်မဆိုးပါဘူး .. 
တစ်နေ့မှာ .. ကိုမိုးစက်ဆီက ဒီလိုစကားကြားရမယ်လို့ မေဖူး မျှော်လင့်ထားပြီးသားပါ .. ဒါပေမဲ့ .. လက်ထပ်ခွင့်တစ်ခါတည်းတောင်းတာတော့လွန်တယ်ထင်တယ်။ 

ဆောရီးပါ မေဖူးရယ် ။ 
ကိုယ် .. မေဖူးကို ချစ်တာရယ် ... မေဖူးကကိုယ့်ထက် အသက်အများကြီးငယ်တော့ ဆုံးရှုံးမှာဆိုးတာရယ်ကြောင့် .. ကိုယ်ပြောမိသွားတာပါ ... 
ကိုယ့်ရဲ့ နောက်ထပ်နေ့ရက်တွေကို မေဖူးနဲ့အတူ ဖြတ်သန်းသွားဖို့ဆုံးဖြတ်ထားမိတဲ့ ကိုယ့်ရဲ့အတွေးက လက်ထပ်ခွင့်တောင်းမိတဲ့အထိ ဖြစ်သွားတယ် ။ မေဖူးလဲ ကိုယ်နဲ့ပတ်သတ်တာတွေ ယမုံတို့ဆီက ကြားပြီးသလောက်ဖြစ်နေမယ်လို့ ကိုယ်မျှော်လင့်ပါတယ် ။ 

ဟုတ်ပါပြီ .. ဦးမိုးစက်ရယ် .. 
မေဖူး စဉ်းစားပါရစေဦး .. ကိုမိုးစက်အတွက် အဖြေကောင်းတစ်ခု ဖြစ်လာမှာပါ ။ 

ကျေးဇူးပါ .. မေလေး .. 
ရှန် ... 
ကိုယ် .. မေဖူးကို အခုကစ မေလေးလို့ပဲ ခေါ်ပါရစေတော့ .. 

မေဖူးဘာမှမပြောဖြစ်ခဲ့ပါ .. 
သူ့ဆန္ဒ .. သူ့သဘော ...

ခနကြာတော့ မေဖူးကို အိမ်ပြန်လိုက်ပို့ပေးသည်။ 
အပြန်လမ်းဟာ တိတ်ဆိတ်နေကြသလို .. 

အဲ့ဒီနေ့ .. မေဖူးရဲ့ အိမ်ပြန်လမ်း .. မေဖူးရဲ့ အိပ်မက်တွေဟာ လုံခြုံပြည့်စုံလွန်းလှတယ်လို့ မေဖူး သတ်မှတ်ခဲ့သည်။ ကိုမိုးစက်ဟာ မေဖူးဘဝအတွက် အစ်ကိုလို အဖေလို ချစ်နိုင်မဲ့ .. အမျိုးသားတစ်ယောက်အဖြစ် မေဖူး ခံစားခဲ့ရသည်။ 

ဒီလိုနဲ့ .. ကိုမိုးစက်ဖွင့်ပြောပြီး ၃ လကြာ သူ့မွေးနေ့ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတော့ မေဖူး အဖြေပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ကိုမိုးစက် ၃၅ နှစ်ပြည့်တဲ့နေ့ .. 
မေဖူးတို့ ဘုန်းကြီးကျောင်းသွားဖြစ်ခဲ့တယ် ... 
ဘုန်းကြီးကျောင်းကအပြန် ... ကော်ဖီဆိုင်ဝင်ပြီး Espresso အမြဲသောက်တဲ့ ကိုမိုးစက်ကို မေဖူးသောက်နေကျ Latte သောက်ခိုင်းပြီး .. မေဖူးက ကိုမိုးစက်အကြိုက် Espresso သောက်ဖြစ်ခဲ့သည် ။ ကိုမိုးစက် ဘာမှမပြောခဲ့ဘူး . သူမကြိုက်သော latte ကို သောက်ခဲ့တယ် ။ အခါးကြောက်တဲ့ မေဖူးကလဲ သူ့ espresso ကို သောက်ခဲ့တာပဲလေ .. 
ရော့ .. 
ကိုမိုးစက်အတွက် .. မေဖူးရဲ့ မွေးနေ့လက်ဆောင် ..
ကျေးဇူး .. မေလေး ... 
ဖောက်ကြည့်လေ ... 
ဟင် .. မေဖူးရဲ့ တစ်ခါက ဘုန်းကြီးကျောင်းမှာပြုတ်ကျခဲ့တဲ့ပုဝါလေးပဲ ... 
ဟုတ်တယ် .. 
အဲ့ဒါ .. မေဖူးရဲ့ ကိုမိုးစက်အတွက် မွေးနေ့လက်ဆောင်လဲဆိုရသလို .. ကိုမိုးစက်လိုချင်တဲ့ အဖြေပဲ .. ကိုမိုးစက် အဲ့ပုဝါလေးမှ အဖြေတွေ့မှာပါ ... 

"ကိုမိုးစက်ကို မေဖူး ချစ်ပါတယ် ... 
                      မောင့်ရဲ့မေလေး ... " 
ပုဝါလေးမှာ အနီရောင်ကြိုးမျှင်လေးတွေနဲ့ ထိုးထားတဲ့ စာတမ်းလေး ... 

ကျေးဇူးပါ ... မေလေးရယ် ... 
ဟုတ်တယ် ... မောင် 
မေဖူး.. မောင့်ကို ချစ်ပါတယ် ..
မေဖူး နဲ့ မောင်က အသက်ကွာပေမဲ့ မောင်က အရမ်းနုတော့ ကို လို့ ခေါ်ရင် သူများတွေက မောင့်ကို မေဖူးထက်အသက်အများကြီး ကြီးတယ်လို့ မေဖူး မထင်စေချင်ဘူး .. အဲ့တော့ မောင်လို့ပဲခေါ်မယ် ... သဘောတူရင် Latte ကုန်အောင်သောက် ... မေဖူးကတော့ မောင့် espresso ကြီး ကုန်အောင်မသောက်နိုင်ဘူး .. ခါးလို့ .. 
ခုသောက်တယ်ဆိုတာလဲ .. ရှေ့လျှောက် မေဖူးတို့ ၂ ယောက်ဖြတ်သန်းမဲ့ နေ့ရက်တွေမှာ ဘာပဲဖြစ်ဖြစ် မေဖူးသဘောကျတာ မောင်လဲကြိုက်ရမယ် .. မောင်သဘောကျတာလဲ မေဖူးကြိုက်ဖို့ ကြိုးစားမယ် .. ဒါပဲနော် .. မောင် .. 
မေဖူးဟာ မောင်ထင်ထားတာထက် ဆိုးတယ်.. ကြိုပြောထားတာ ... 

မေလေး .., မင်းဟာ .. ကိုယ်ထင်ထားတာထက် ကလေးတစ်ယောက်လို ချစ်စရာကောင်းတယ် ။ 
ကိုယ့်ဘဝမှာ မင်းကိုပဲ ပထမဆုံးချစ်ဖူးသလို .. မေလေး ကို မဆက်သွယ်ပဲ ကိုယ်မနေနိုင်ဘူးဆိုတာ သိလာပြီးတဲ့နောက် .. ကိုယ့်ဘဝရဲ့ လက်တွဲဖော်အဖြစ် တောင့်တလာခဲ့မိတယ် .. 
ကိုယ် ..(အဲ) မောင် .. မေလေးကို အရမ်းမြတ်နိုးတယ် .. 
ပြီးရော ..
မေဖူး .. အဲ့လိုပြောတော့ မောင်ရယ်ခဲ့သည် .. 
မောင်ရယ်လိုက်တိုင်း .. ပေါ်လာတတ်တဲ့ သွားတတ်လေးကို မေဖူး အရမ်းသေဘာကျသည် ... 

မိုးကိုမချစ်တတ်တဲ့ ကျမ .. မိုးရေတွေကြားမှာ မိုးစက်ဆိုတဲ့မောင်တစ်ယောက်ကို ရှာတွေ့ခဲ့ရတယ် .... မိုးကို ချစ်တတ်ခဲ့ပါပြီ ... 

Charlotte

အပိုင်း (၂) ဆက်ရန် ... 

😉😉😉😉😉😬

No comments:

Post a Comment