Friday, 5 August 2016

ကြုံရဆုံရ စင်္ကာပူမရောက်ခင်မှာ

ကြုံရဆုံရ စင်္ကာပူမရောက်ခင်မှာ.... (ကိုယ်ဟာ ၀ရမ်းပြေးတစ်ယောက်ပါ :P)

အတိတ်ကအဖြစ်အပျက်ဆိုတာ တစ်ခါတစ်လေမှာ တစ်ချို့အရာတွေက ရယ်စရာတော့အကောင်းသား၊ ဒါကြောင့်မို့ မယ်သုန် တို့ကတော့ ပျင်းနေရင်တောင် ပြန်တွေးပြီး အလွမ်းဖြေ သုံးသပ်တယ်။ အစချီရရင်တော့. မြန်မာပြည်ကစထွက်လာခဲ့တဲ့အချိန်ရယ် အခြေအနေရယ်က စရမှာပဲ။ 
အသက် ၁၆ နှစ်အရွယ် ၁၀ တန်းအောင်ပြီးတည်းက အင်ဂျင်နီယာဖြစ်ချင်တယ်ဆိုတဲ့ မသိစိတ်လေးကိန်းအောင်းခဲ့တာတော့အမှန်ပဲ.။ ဖြစ်ချင်ခဲ့တာတော့ မန္တလေးမှာ ကျောင်းသွားတတ်ချင်ခဲ့တာ။ သူတို့ချပေးတဲ့နေရာမှာပဲ တတ်ရမဲ့ကံပါလာတော့ မြင်းခြံမှာပဲ တတ်ဖြစ်ခဲ့တယ်။ 
တက္ကသိုလ် ၅ နှစ်တာကာလမှာ ကိုယ်ကြိုးစားခဲ့သလောက် တော်တော်များများအရာထင်ခဲ့တယ်ဆိုရမယ်။ တစ်နှစ်တစ်တန်းပြီးတိုင်း ရန်ကုန်ကိုခေါ် နောက်နှစ်စာတွေ ကြိုသင်ပေးတတ်တဲ့ ဂျီးဒေါ်ရဲ့ကျေးဇူးက အကြီးမားဆုံးပါပဲ။ နောက်ပြီး တစ်ခြားတက္ကသိုလ်ကနေ lecture တွေ solution တွေ နှစ်တိုင်းပို့ပေးတဲ့ ကိုကိုကြီး ဇနီးကျေးဇူးကလဲ အတော်လေး ကြီးမားပါတယ်။ အဲ့နောကဆို ကိုယ့်ဆီမှာ အမြဲတန်း Lecture တွေ ၃စုံလောက်ရှိတယ်။ Ref တွေအများကြီးရှိပြီး ဘယ်တော့မှတော့ Roll 1 မရဘူးပါဘူး။။ ဟဲဟဲ.....
 ဒါက ခုချိန် ဒီလိုအဆင်ပြေပြေအလုပ်လုပ်နိုင်ဖို့ ထောက်ပံ့ပေးခဲ့တဲ့သူတွေကို ကျေးဇူးထောပနာပြုတာ... 
တကယ်တော့ ကျောင်းသူဘ၀မှာတည်းက ဘယ်ချိန်မှာ ဘာဖြစ်ရမယ် ဘာလုပ်ရမယ်ဆိုတဲ့ Target ထားတတ်တဲ့ ကျမအကျင့်က တစ်ခါတစ်လေတော့ကောင်းတယ်။ မိသားစုကလဲ ပညာရေးပိုင်းမှာ အဘိုးကအစ ထောက်ပံ့တယ် လမ်းညွှန်ပြသတယ်။
 ဒီနေရာမှာတစ်ခုလောက်ပြောပါရစေ။ သုန်သုန် တို့ မိသားစုမှာ (မေမေ့ဘက်ပေါ့နော် - အတူနေဆိုတော့) မေမေရယ် ဖေဖေရယ် က သုန်သုန် တို့ကို မွေးပေး ကျွေးပေးပြီး ဖြစ်ချင်တာ လိုချင်တာတွေကို ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထောက်ပံ့ဖြည့်ဆည်းခဲ့ပါတယ်။ 
စိတ်ဓါတ်ပိုင်း ပညာရေးပိုင်း အမူအကျင့်ပိုင်းတွေဟာ ယခုအချိန်ထိ အပျိုကြီးအဖြစ် ဂုဏ်ယူစွာရပ်တည်နေတဲ့ အဒေါ်တွေဆီက လက်ဆင့်ကမ်းလာပါတယ်။ သူတို့ထိုင်ဆိုထိုင် ထဆိုထ အရမ်းကြောက်ရတာ :P. သူတို့တွေက ခုချိန်ထိ ကိုယ်တွေအတွက်တော့ အမေလို အစ်မလို အဒေါ်လို ချစ်ကြောက်ရိုသေနေရဆဲပဲ..
 ခုတော့ သူတို့ထိုင်ဆိုထိုင်ချင်မှထိုင်တဲ့အခြေအနေ ဖြစ်သွားပြီ. (အဝေးရောက်နေလို့ဘာ :P) (နောက်မှ သူတို့တစ်ယောက်ချင်းဆီအကြော်င်းတွေ Blog မှာ အမှတ်တရ ရေးခဲ့ဦးမယ်) 
အဲ့လိုနဲ့...... 
လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက် GTC ဆိုတဲ့ကျောင်းတော်ကြီးကနေ ကျောင်းပြီးတော့ ချက်ချင်းဆိုသလို ရန်ကုန်ကို သင်တန်းတတ် အလုပ်လုပ်ဖို့ ရောက်၇ှိသွားတယ်ဆိုပါတော့။ အမှန်တော့ ရန်ကုန်မှာ အတွေ့အကြုံ ၂ နှစ် ၃ နှစ်လောက်ယူမယ်ပေါ့။ ပြီးရင်တော့ အဒေါ်နဲ့ ဦးလေးရှိတုန်း စင်္ကာပူကို သွားမယ်ပေါ့။ ဒါပေမဲ့ မှန်းထားသလိုဖြစ်မလာဘူး။ ၂၀၁၂ ခုနှစ် ၁လပိုင်းလောက်မှာ ရန်ကုန် ရေအားလျှပ်စစ်ကုမ္ပဏီ (မှတ်မှတ်ရရ NEO ) မှာ အလုပ်ဝင်နေတုန်း Master တန်းအတွက် ၀င်ခွင့်တွေဖြေဖို့ ခေါ်ပါလေရော။ အမှန်တော့ သုန် ချထားတဲ့ plan မှာ အဲ့ဒီ စာမေးပွဲဖြေဖို့ အစီအစဉ်မပါခဲ့ပါဘူး။ ဖြစ်ချင်တော့.....USDP ဂျီးဒေါ်ရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် မဖြစ်မနေဖြေရမဲ့ အစီအစဉ်ဖြစ်သွားတယ်။ ၂ ပတ်လောက်ပဲရတဲ့ အချိန်မှာ စာအုပ်တွေပြန်ရှာ စာတွေပြန်ဖတ်နဲ့.. ၀င်ခွင့်ဖြေဖို့ MTU ကို ရောက်သွားတယ်ဆိုပါတော့.။ စာကျက်ချိန်လဲသိပ်မရဘူး ။ ၀င်ခွင့်အောင်ခဲ့ရင်တောင် တတ်ဖို့ စိတ်ကူးမရှိလေတော့ စိတ်အားအရမ်းမထက်သန်ခဲ့တာတော့ အမှန်ပါဘဲ။ ဒါပေမဲ့ ကိုယ်လုပ်ရမဲ့ ကိစ္စတစ်ခုကို အကောင်းဆုံးတော့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။ အခြေအနေက ၀င်ခွင့်အောင်သွားပါလေရော.(လူနည်းစုထဲမှာအောင်သွားတာ .. တော်တန်ရုံကံဇာတာတော့မဟုတ်ဘူးနော် :P ) 

ကဲ. အဲ့ဒါနဲ့ ကျောင်းပဲဆက်တတ်ရမလား .. ငွေပဲရှာရမလား ။(ဝေခွဲမရတော့ဘူး)
 အရွယ်ကလဲ ငွေရှာဖို့ စိတ်အားထက်သန်နေတော့ ကျောင်းဆက်မတတ်ချင်တော့တာ အမှန်ပါပဲ.။ 
အဲ့လိုနဲ့ .. အဒေါ်တစ်ယောက်က ဆက်မတတ်နဲ့ စင်္ကာပူသွားတော့တဲ့..
နောက်တစ်ယောက်က မာစတာဆက်တတ်တဲ့။ ၀င်ခွင့်အောင်ထားတာ နောက်မတတ်လိုက်၇လို့ နောင်တရမယ်တဲ့။
နောက်ထပ်အဒေါ်တစ်ယောက်ကလဲ စင်္ကာပူသာသွားတော့တဲ့။ 
အမှန်တော့ ကိုယ်လဲ မာစတာတော့ ဆက်မတတ်ချင်တာအမှန်ရယ်။ ဒါပေမဲ့လဲ စင်္ကာပူကို ချက်ချင်းထသွားဖို့ကလဲ ကိုယ့်ယောက္ခမအိမ်မဟုတ်လေတော့ အတော်စဉ်းစားရတာပေါ့.။ 
အဲ့ဒီအရွယ်က ရန်ကုန်နဲ့ကိုယ့်မြို့လောက်သာ တစ်ယောက်တည်းသွားလာဘူးတာလေ။ စင်္ကာပူကို တစ်ယောက်တည်းသွားဆိုတော့ Confident အများကြီးမရှိတာတော့အမှန်ပဲ.။

အတိုချုန်းရရင် ၂လလောက်အချိန်အတွင်း စင်္ကာပူသွားဖို့ အရေးပေါ်ပြင်လိုက်ရတော့တာပဲ။ 
အဲ့ဒီအချိန်မှာ MTU မှာ ကျောင်းရပ်နားခွင့်တင်မရတဲ့ အဖြစ်အပျက်တွေ ပြောရဦးမယ်။ တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ ကျောင်းလာအပ်ပါဆိုလို့ MTU မှာကျောင်းအပ်ခဲ့ပါတယ်။ 
ကျောင်းရပ်နားခွင့်အတွက် မော်ကွန်းထိန်း ပါချုပ် ညွှန်ချုပ် တွေ့ရမယ်ဆိုလို့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့လဲ ရပ်နားခွင့်အဆင်မပြေခဲ့ပါဘူး။ တတ်ကိုတတ်ရမယ်ဆိုလာတယ်။ ဆေးစာတွေရော အခြားစာရွက်စာတမ်းတွေရော တင်ပေမဲ့ အဆင်မပြေတော့ ဆရာမတစ်ယောက်နဲ့တိုင်ပင်ပြီး သမီးရယ် တစ်နှစ်ကျောင်းအအပ်ပြ တတ်မယ်လုပ်လိုက်ပါဆိုလို့.. တစ်နှစ်တိတိကျောင်းအပ် မတတ်ဘဲနေလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ သုန်သုန်ကလဲ စင်္ကာပူရောက်နေခဲ့ပြီ.။ မေမေ့ဆီကို ဖုန်းဆက်တိုင်း သမီးရေ MTU က ကျောင်းခေါ်ကြိမ်မပြည့်လို့ တိုင်စာ လာတယ်။ ကျောင်းလခလှမ်းတောင်းတယ်ဆိုတဲ့ အသံ တစ်နှစ်ပတ်လုံးကြားခဲ့ရတယ်။ ဟိဟိ။။ အဲ့ဒီအခြေအနေတုန်းက ဒီအဖြစ်အပျက်တွေမှာ အကြံပေးခဲ့ ကူညီပေးခဲ့တဲ့ ဆရာ/ဆရာမ မိတ်ဆွေသူငယ်ချင်းတွေကို တကယ်ကျေးဇူးတင်ပါတယ်။  ဒါကြောင့်ကိုယ့်ဘာသာပြန်တွေးတိုင်း ငါက မာစတာမတတ်ချင်လို့စင်္ကာပူပြေးလာရတဲ့ ၀ရမ်းပြေးတစ်ယောက်ပါပဲလားလို့.. :P 

အပေါ်ကဇာတ်လမ်းပြန်ဆက်မယ်။ 
၂ လအတွင်း သင်တန်းမပြီးသေးတာတွေ အပြီးဖြတ်။ Passport တွေ လိုအပ်မဲ့ စာရွက်စာတမ်းတွေလုပ်ရ။ နေပြည်တော်ပြေးရ  ရန်ကုန်ပြေးရ မန္တလေးပြေးရ အတော်လေးကို ခေါင်းတွေလဲခြောက်ခဲ့တယ်။  အဲ့ဒီအချိန်တုန်းက ခုချိန်လို စာရွက်စာတမ်းကိစ္စတွေက တစ်နေရာတည်း ဘာမှမပြီးစီးဘူးလေ။ လက်ရှိအလုပ်ကိုလဲ အစမ်းခန့် ၃လပြီးတော့ ကျောင်းဆက်တတ်မယ်အကြောင်းပြပြီး ထွက်စာတင် (အဲ့နောက အဲ့လိုလိမ်ခဲ့ပြီး Passport ရုံးမှာ အထက်လူကြီးနဲ့ ပတ်ပင်းတိုးတဲ့အခိုက်အတန့်တွေလဲ ကြုံလိုက်သေးတာပါဆို) :D
နေပြည်တော်သွား မိုဖာထုတဲ့ရက်တွေကဆို မိုးတွေကသည်း.. နေ့ချင်းပြန် ရန်ကုန် နေပြည်တော်ပြေး ။
 နေပြည်တော်ရောက်တော့ ကျယ်ပြောလှတဲ့မြို့တော်ကြီးထဲ တောကနေမြို့တတ်လာတဲ့ရွာသူမလေးလို ဘယ်သူ့အဖေခေါ်လိုက်ရမှန်းမသိ ။ သူရဲခြောက်မှာတောင်ကြောက်ရလောက်အောင် အဆောက်အဦးတွေဟီးနေပုံများ ။ မြင်ရကြည့်ရတာ လည်ပင်းတွေတောင် ညောင်းပါတယ်ဆို ။။။ :P 
သူငယ်ချင်းတစ်ယောက်အကူအညီနဲ့ တစ်နေ့တည်းကိစ္စတွေပြီးပြတ်အောင်လုပ်ရ ( မိုးတွေကသည်း ဒူးလောက်တတ်နေတဲ့ရေတွေထဲ လမ်းပေါ်ဆိုင်ကယ်မှောက်လဲလို့ ရေထဲ ဒိုင်ဖင်ထိုးခဲ့ရသေးတယ်တော်) :P 

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်ကို စင်္ကာပူသွားဖို့ ရက်သတ်မှတ်ခဲ့တယ်.။
မသွားခင်တည်းက အဒေါ်နဲ့ အရင်ရောက်နေတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို လိုအပ်တာတွေ မသိတာတွေမေး ပြင်ဆင်တယ်။ အဲ့ဒီချိန်တုန်းက အင်တာနက်ဆိုတာလဲ တစ်နာရီ ၄၀၀ ပေးပြီး သုံးရတဲ့ခေတ်လေ.။ 
အဒေါ်နဲ့ စကားလာပြောဖြစ်တိုင်း တစ်နေ့ကို ၂ နာရီလောက် စင်္ကာပူမရောက်ခင်တည်းက အလုပ် website တွေဝင်ဖတ်တယ်.။ လျှောက်တယ်။ စင်္ကာပူအကြောင်းစာအုပ်တွေဝယ်တယ် .. မရောက်ပေမဲ့လဲ ရင်းနှီးအောင် ဖတ်ထားတယ်။ သူတို့နိုင်ငံရဲ့ ရိုးရာဓလေ့ စည်းကမ်းစနစ်တွေကို ရှာဖတ်တယ်။ 
သုန်သုန့်ရဲ့ ကောင်းတဲ့အကျင့်လေးက ဖြစ်မလာသေးတဲ့ကိစ္စတွေကို ကြိုတင် Research လုပ်ရတာသဘောကျတယ်။ ဘာမှမသိတာထက်စာရင် နည်းနည်းသိတော့ နည်းလားလေ။ 

အဲ့လိုနဲ့ ၂၄ ရက် မနက် MAI လေယာဉ်နဲ့ ဖေဖေရယ် မေမေရယ် အဒေါ်တွေရယ် လိုက်ပို့ကြတယ်။ ထုံးစံအတိုင်း မေမေကတော့ ငိုတာပေါ့။ 
စင်္ကာပူကိုရောက်တော့ စင်္ကာပူစံတော်ချိန် ညနေ ၃နာရီခွဲလောက် ။
လေထုဖိအားအပြောင်းအလဲမှာ နားတွေအူချက်ဆိုတာ ဘာမှမကြားလောက်အောင်ပါပဲ။ အဒေါ်မှာထားသလို နားထဲကို ဆေးဂွမ်းစလေးတွေထည့်ထားတာတောင် အဆင်မပြေတာပါ.။ (အခုတော့သိသွားပြီ.. လေယာဉ်စီးတိုင်း Earpiece နဲ့ သီချင်းနားထောင်နေလိုက်တယ်။ နားအူတတ်တဲ့သူတွေစမ်းကြည့်ကြလေ )
နားအူနေပုံနဲ့ Immigration မှာ သူတို့မေးတာတွေ တလွဲတွေဖြေမိရင်တော့ ဒုက္ခပါပဲလေဆိုတဲ့ စိုးရိမ်စိတ်ဖြစ်ခဲ့တယ်။ နောက်တော့လဲ ဘာမှမမေးပဲ ထွက်လာခဲ့ရတာလေ (ဘုရားမတာ)။ 
စာအုပ်ထဲမှာဖတ်ခဲ့ရသလို့ စင်္ကာပူ ချန်ဂီ (Changi) လေဆိပ်ကြီးက တာမီနယ် ၃ ခု နဲ့ အကြီးကြီးပါပဲ။ လမ်းညွှန်ပြသထားတဲ့ Sign လေးတွေက အခုမှစရောက်လာတဲ့သူတွေအတွက်တော့ မျက်စိသူငယ်နားသူငယ်မဖြစ်တာအမှန်ပါပဲ.။ 
အိတ်ယူဖို့ Immigration ကနေ Baggage belt နေရာကိုရှောရှောရှုရှုရောက်သွားခဲ့တယ်။ လေယာဉ်ကွင်းကြီးကျယ်သလို တာမီနယ်တစ်ခုစီမှာ Baggage Belt တွေကလဲ အများကြီးလေ ။
 Baggage Belt တစ်ခုချင်းစီမှာကိုယ်စီးလာတဲ့ လေယာဉ်နံပါတ်တွေကြည့်လို့ရတော့ ကိုယ့်အိတ်ရှိမဲ့နေရာကနေ စောင့်ပြီး အိတ်ယူ Custom Declaration ကို ရင်တထိတ်ထိတ်နဲ့လုပ် (အလုပ်လျှောက်ရင်လိုအပ်တဲ့ စာရွက်စာတမ်းတွေက အထဲမှာပါလို့လေ).
အဆင်ပြေသွားမှ စိတ်ဒုန်းဒုန်းချ ဦးရီးတော်ဆီသွား (ဦးလေးလာကြိုပေးခဲ့တယ်) ။ အဆင်ပြေပြေနဲ့ Immigration ကနေထွက်ခဲ့ကြောင်းအဒေါ်နဲ့တကွ မြန်မာပြည်က ဆွေတော်မျိုးတော်တွေကို အကြောင်းကြားပြီး အဒေါ်နဲ့ဦးလေးနဲ့လက်ရှိနေထိုင်တဲ့ Woodland ကိုသွားရပါတယ်။ တစ်လမ်းလုံး မြင်မြင်သမျှက စာအုပ်ဖတ်ထားလို့ အထူးအဆန်းကြီးမဟုတ်ပေမဲ့။ စည်းကမ်းရှိပြီး စနစ်ကျတော့ လမ်းပေါ်မှာ ကားတွေကျပ်နေတာတွေမမြင်တော့ စိတ်ထဲကတောင် တွေးလိုက်မိသေး (စင်္ကာပူကလဲ ခြောက်ကပ်ကပ်ကြီးတော့လို့ :P) 
လမ်းမှာ ဦးလေးကတော့ အားပေးရှာပါတယ်။ ဘာမှ စိတ်ကိုအတင်းအကျပ်ကြီးဖြစ်ရမယ်လို့ မတွေးနဲ့ ပျော်ပျော်နေ။။ အလုပ်မရလဲ အလည်လာတယ်လို့ သဘောထားတဲ့။ 
သူ့တူမကလဲ စိတ်ပူဖို့နေနေသာ ရက် ၃၀ နေခွင့်ပေးလိုက်တဲ့ White Card ကိုတောင် နှစ် ၃၀ လောက်သဘောထားလိုက်တာ။ 
အဲ့လိုနဲ့ ... တစ်နေ့ တစ်နေ့ အလုပ်ရှာ.. အင်တာဗျူးရရင် ဦးလေး တစ်လှည့် အဒေါ်တစ်လှည့်လိုက်ပို့ပေးနဲ့ အချိန်ကုန်လာလိုက်တာ ၂ ပတ်နေတော့ အလုပ်ရသွားတာပါဘဲ.။ 
စစရောက်ရောက်ချင်းကတော့ အတော်လေးကို MRT ရထားစီးရ Bus စီးရတာတွေ အတော်လေး ခေါင်းခြောက်တယ်။ (ခုတော့ ဘယ်ကနေ ဘယ်ကို ဘယ်လမ်းကနေ ဘယ်လိုသွားရမလဲဆိုတာ ခြေထောက်မှာ ဗွေပေါက်သွားသလိုပါပဲလေ) :D
 အရှေ့ အနောက် တောင် မြောက်ဆိုတာကတော့ ခုထိကို မကွဲသေးတာ.။ 

နောက်အပိုင်းတွေမှ စင်္ကာပူမှကြုံရဆုံရ လူ့သဘာဝတွေ .. ရယ်စရာကိုယ့်အဖြစ်အပျက်တွေ ... ဆက်ပြောဦးမယ်... 

သုန်သုန် 
05/08/2016



No comments:

Post a Comment