Tuesday, 13 December 2016

IKEA Singapore

 စင်္ကာပူမှာ Orchard က ကုန်တိုက်တွေအပြင် စိတ်ဝင်စားစရာကောင်းတဲ့ 
ကုန်စုံဆိုင် တစ်ခု ရှိပါတယ်။ အဲဒါကတော့ IKEA ပါပဲ။
ဒီ IKEA အကြောင်းကို အရင်တုန်းက တစ်ခါ ပိုစ့်တင်ဘူးပါတယ်။
ခုမှ IKEA Website လေးဝင်ကြည့်ရင်း သတိရလို့ ပြန် update လုပ်လိုက်မိတယ်။
 IKEA မှား ထူးခြားတဲ့ ကိုယ်ပိုင်ဟန်တွေ ကြောင့် လူကြိုက်များပါတယ်။ ဟိုးအရင်က IKEA ဆိုတဲ့ အမည်ကအသံထွက်ဖို့ သုန်သုန့်အတွက်တော်တော်လေး အဆင်မပြေလှဘူးရှင်။  IKEA ဆိုတဲ့ စာလုံးအကြီးတွေနဲ့ဆိုတော့ အတိုကောက်ထင်ခဲ့လို့ စိတ်ဝင်စားပြီး  wikipedia မှာ မွှေဖတ်ကြည့်မိတယ်။
 IKEA ဆိုတာ တည်ထောင်ခဲ့တဲ့ လူရဲ့ နာမည် Ingvar Kamprad (2013 ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်) ကနေ စာလုံး I & K ရယ် သူကြီးပြင်းခဲ့တဲ့ Elmtaryd ဆိုတဲ့ ယာတောကနေ စာလုံး E ရယ်  သူနေထိုင်ရာဆွီဒင် တောင်ပိုင်းက Agunnaryd ဆိုတဲ့ နေရာဒေသက စာလုံး A ကို  ပေါင်းစပ်ပြီး IKEA လို့ ခေါ်ခဲ့ပါတယ်။
ပထမဆုံး IKEA ပရိဘောကဆိုင်ကို 1958 ဆွီဒင်မှာ စဖွင့်ခဲ့ပါတယ်။ဆွီဒင်နိုင်ငံအပြင်ဘက် ပထမဆုံးဆိုင်အဖြစ် နော်ဝေး (1963) ဒိန်းမက် (1969) တို့မှာ ဖွင့်လှစ်ခဲ့တယ်။ဥရောပဘက်ကို 1970 ခုနှစ်လောက်ကစတင်တိုးချဲ့ဖွင့်လှစ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ အာရှဘက်ကို IKEAရောက်ရှိလာခဲ့ပြီး 1974 မှာ ဂျပန် 1975 မှာ သြစတြေးလျ၊ ဟောင်ကောင် နဲ့ 1978 မှာ စင်္ကာပူမှာ စဖွင့်ခဲ့ပါတယ်။ 
ကမ္ဘာတစ်ဝှမ်းမှာ ဖွင့်ထားတဲ့အထဲမှာ လက်ရှိ အကြီးဆုံး  IKEA  ၅ နေရာကတော့ 
  1. GwangmyeongGyeonggiSouth Korea: 59,000 m2 (640,000 sq ft)
  1. Stockholm Kungens KurvaSweden: 55,200 m2 (594,000 sq ft)
  1. Shanghai BaoshanChina: 55,032 m2 (592,360 sq ft)
  1. Shanghai Pudong Beicai, China: 49,400 m2 (532,000 sq ft)
  1. WuxiChina: 49,117 m2 (528,690 sq ft)

တို့ဖြစ်ကြတယ်။ တော်တော် သက်တမ်း ရှည်ကြာလာတဲ့ IKEA ဟာ 2016 မှတ်တမ်းအရ နိုင်ငံပေါင်း ၄၈ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၃၈၉ ဆိုင် ဖွင့်ထားပြီးပါပြီ။ အိမ်သုံး ပစ္စည်း တိုလီမိုလီ ကနေ အသင့်ဆောက်ပြီးသား အိမ်တွေအထိ အမျိုးအမည်ပေါင်း ၁၂၀၀၀ ကျော်ကို တစ်နေရာတည်းမှာ Brand တစ်ခုတည်းနဲ့ ရောင်းနေတာပါ။ တစ်ကမ္ဘာလုံးမှာ အလုပ်သမား တစ်သိန်း တစ်သောင်းကျော် ခန့်ထားတ
ယ် ဆိုတော့ ၀န်ထမ်းပေါင်း ၉ သောင်းလောက် ရှိတဲ့ Microsoft ထက်တောင် ပိုများပါသေးတယ်။
 IKEA မှာ ဘာစိတ်ကူးလည်းတော့ မသိဘူး သူ့အဆောက်အဦး ရှေ့မှာ အလံတွေ ထူထားတယ်။ ဘာပဲဖြစ်ဖြစ် ကြည့်လို့တော့ ကောင်းပါတယ်။ သူ့အဆောက်အအုံကလည်း ပြတင်းပေါက် နည်းနည်းပဲ ပါပြီး ဆွီဒင်နိုင်ငံ အလံလို နက်ပြာရောင် ဂိုဒေါင်ကြီးပါ။  IKEA ဆိုတဲ့အမည်ကို အဆောက်အဦး နဖူးစီးမှာ အ၀ါရောင် တောက်တောက်နဲ့ အကြီးကြီး ရေးထားပါတယ်။ နောက်ကျမှ ဖွင့်တဲ့ (ဥပမာ) စင်္ကာပူ Tempines IKEA မှာတော့ Warehouse ကို အလင်းဖောက် အမိုးတွေ တပ်ထားပါတယ်။ Energy Saving ဖြစ်မယ်ထင်တယ်။ 
အဆောက်အဦးထဲ ၀င်လိုက်တာနဲ့ Entrance နဲ့ Exit တစ်ခုစီသာရှိပြီး ၀င်္ကဘာထဲ ရောက်သွားသလို ပြန်ထွက်ဖို့ မလွယ်တော့ပါဘူး။  တခြား ကုန်စုံဆိုင်တွေလို အတန်းလိုက် အတန်းလိုက်နဲ့ ကိုယ်ကြိုက်တဲ့ အတန်းကို တိုက်ရိုက် သွားဖို့ မလွယ်ပါဘူး။ သူဆင်ထားတဲ့ လမ်းကြောင်းအတိုင်း ဟိုငေး ဒီငေးနဲ့ သူရောင်းသမျှ ပစ္စည်းတွေကို အကုန်ကြည့်ပေတော့ပဲ။ လမ်းတလျှောက်မှာလည်း ပရိဘောဂမျိုးစုံကို လိုချင်စိတ်ဖြစ်အောင် ခင်းကျင်းထားတယ်။ သူ့လမ်းညွှန်အတိုင်းလိုက်နေရင် လမ်းကြောင်း အရှည်ကြီး တလျှောက် သွားရပေမယ့် ကြားထဲမှာတော့ ဖြတ်လမ်း မြေပုံလေးတွေ ရှိပါတယ်။ 
မ၀ယ်ဖြစ်တောင် ပရိဘောဂတွေ အိမ်အသုံး အဆောင် ပစ္စည်းတွေကို တကယ့် သဘာဝအတိုင်း ခင်းကျင်း ပြသထားတော့ ကိုယ့်အိမ်မှာ ဆိုရင် ဘယ်လို နေမယ် ဆိုတာ စိတ်ကူးလို့ ရတယ်။ Archi သမားတွေအတွက် ဒီဇိုင်းအသစ်အဆန်းတွေမြင်သာတယ် အတုယူလို့ရတယ်။ ခင်းကျင်းပြသထားတဲ့ဒီဇိုင်းတွေ ပစ္စည်းတွေကို တက်ထိုင်ကြည့်လို့ရတယ်။ မွေ့ယာတွေ ခင်းထားတဲ့ ကုတင်တွေပေါ် လှဲကြည့်လိုရတယ်။ မီးဖိုချောင်တွေကိုလည်း ဆင်ပြထားတော့ ၀ယ်ပြီးရင် ကိုယ့်အိမ်မှာ ဘယ်လိုနေမယ်ထားမယ်ဆိုတာ စဉ်းစားလို့ရတယ်။ တကယ့် အိပ်ခန်းလို၊ စာကြည့်ခန်းလို၊ မီးဖိုချောင်လို ဆင်ပြထားပြီး ရောင်းသမျှ တိုလီမိုလီ အကုန် ခင်းကျင်းပြထားတာတွေ ကြည့်ပြီး ဈေးဝယ်လာသူ ကလေးရော လူကြီးပါမကျန် ပျင်းစရာအချိန်တောင်မရှိပါဘူး။ ကလေးပါလာတဲ့ ဈေးဝယ်မိဘတွေအတွက် ကလေးကစားစရာကွင်းတွေလဲ ထားရှိပေးထားလို့ စိတ်ဖြောင့်ဖြောင့်ဈေးဝယ်လို့ရတယ်။
 ဒါပေမယ့် တစ်ခုခုမေးမြန်းချင်တဲ့အခါ . ထွက်ပေါက်မတွေ့တဲ့အခါ ၀န်ထမ်းတွေကိုတော့ ရှာဖို့အတော်ခက်ပါတယ်။ တွေ့ချင်မှလဲ တွေ့ရမှာပါ။ လိုအပ်လို မေးချင်ရင်တော့ လိုက်ရှာရနိုင်ပါတယ်။ ဒီလို ၀န်ထမ်းတွေ လျှော့ချထားခြင်းကြောင့်လဲ ပစ္စည်းရဲ့တန်ဖိုးတွေအပေါ်မှာ ဈေးသက်သာနေတာ ဖြစ်နိုင်ပါတယ်။  
IKEA မှာ သဘောကျမိတာက Catalogue ပါ။ IKEA Catalogue က တခြားဟာတွေနဲ့ မတူပဲ တစ်အိမ်လုံးမှာ လိုအပ်တာတွေကို တစ်ထိုင်တည်း တစ်အုပ်တည်းမှာ အကုန်ကြည့်လို ရတယ်။ ပြီးတော့ တချို့ပစ္စည်းတွေက သုံးရကောင်းမှန် ရှိမှန်းတောင် သိတာ မဟုတ်ဘူး။ သူ့ဆီမှာတွေ့မှ ဒါမျိုးလေးတွေ ရှိပါလား ဆိုပြီး သိရတာ။ အထူးသဖြင့် အိမ်ထောင်ပရိဘောကပစ္စည်းတွေကို Dimension  အပြည့်အစုံ ရေးထားတော့ ကိုယ့်အိမ်မှာ အဆင်ပြေမပြေ မ၀ယ်ခင် ကြိုတင်ပြီး အသေအချာ တိုင်းတွာ သိနိုင်တယ်။ အနည်းဆုံးတော့ ၀ယ်ဝယ် မ၀ယ်ဝယ် Catalogue လေးကြည့်ပြီး ကိုယ့်အိမ်မှာ ဘယ်လို ဆင်လိုက်မယ် ဆိုတာ စိတ်ကူးကြည့်လို့ ရသေးတယ်။ နောက်တစ်ခုက  Catalogue မှာ ဈေးနှုန်း တစ်ခါတည်း ပါတော့ ၀ယ်သူတွေအတွက် ပိုအဆင်ပြေတွက်ချက်လို့ရတာပေါ့။ 
ခင်းကျင်းပြထားတာတွေ ညောင်းအောင် ကြည့်ပြီးချိန်မှာ ဗိုက်ဆာလာရင် အဝေးကြီး စားသောက်ဆိုင် အပြင်ထွက် ရှာစရာမလိုအောင်  IKEA တိုင်းမှာ စားသောက်ဆိုင် ရှိပါတယ်။ နိုင်ငံတကာမှာ ဆိုင်ခွဲတွေရှိပေမဲ့ IKEA တိုင်းက အစားအသောက် MENU တွေက ခပ်ဆင်ဆင်ပါ ။ Local food တွေပဲ ကွာသွားမယ်လို့ထင်ပါတယ်။ (ကိုယ်ကလဲ စင်္ကာပူက IKEA ပဲ ရောက်ဖူးတာ မဟုတ်ပေလား)  သူရောင်းပုံကလည်း Queue တစ်လျှောက် စီပြီး လိုချင်တာတွေ ယူထည့်၊ မှာထည့်ပြီးတော့ နောက်ဆုံးမှ အားလုံးကို တွက်ပြီး ကျသလောက် ရှင်းရတာပါ။ သုန်ကတော့ IKEA ကို ဈေးဝယ်မှမဟုတ်လဲ ရုံးကလုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်ကူးပေါက်သလို နေ့လည်စာ တစ်ခါတစ်လေသွားစားဖြစ်တယ်။ 
စင်္ကာပူမှာတော့ သူတို့နိုင်ငံသားတွေက အိမ်ထောင်ပရိဘောကမှန်သမျှ IKEA ကပဲ ၀ယ်ကြတယ်။ အိမ်ကို အလှဆင်ကြတယ်။ IKEA က အိမ်အသုံးအဆောင် ပစ္စည်းတွေဆို ကိုယ်လဲ အရမ်း သဘောကျတယ်။ ကြွတ်ကြွတ်အိပ် ထည့်ဖို့က အစ တူ၊ ဇွန်း၊ ပန်းကန်စင်ကနေ သေတ္တာ အဆုံး အကုန်လုံးက ဆန်းဆန်းလေးတွေ ချည်းပဲ။ ဆန်းဆန်းလေးတွေ ဆိုတာထက် အိုင်ဒီယာ ကောင်းကောင်းနဲ့ လုပ်ထားတာလေးတွေမို့ သဘောကျတာ။ အိမ်ထောင်ပရိဘောက မီးဖိုးချောင်သုံးပစ္စည်း အိမ်တွင်းအလှဆင်ပစ္စည်းမှန်သမျှ ဒီဇိုင်းဆန်းဆန်း အစုံရနိုင်တာကတော့ IKEA နဲ့ Daiso လို့ထင်မိတယ်။  အဲဒီ နှစ်ဆိုင်လုံးက စင်္ကာပူကို ခဏ လာလည်တဲ့သူတွေကို ခေါ်သွားသင့်တဲ့ နေရာတွေပဲ။ Daiso ဆိုတာကလဲ တစ်ဆိုင်လုံး ၂ ကျပ်တန်တွေ ချည်းပဲ။ ကိုယ်ဆိုရင်လဲ အဲဒီဆိုင် ရောက်ရင် တွေ့သမျှ အကုန် ကောက်ထည့်ချင်တာ။ ၂ ကျပ် ဆိုတော့လည်း တန်တယ်လေ။ တစ်ချို့ စင်္ကာပူဆိုင်တွေမှာ ရှာမရတာတွေ Daiso မှာ ရှိတယ်။ Holiday ခရီးသွားရတာ အမြဲသဘောကျတတ်တဲ့သူတွေအတွက်တော့ တစ်ခါသုံး ခရီးဆောင်ပစ္စည်းတိုလီမိုလီက အစ Daiso က ၀ယ်လို့အကောင်းဆုံးပဲလေ။ ခြုံပြောရရင် IKEA က ဘိုဆန်တယ် Daiso က Oriental ဆန်တယ်။
ကိုယ်တွေလို ကျွှန်း ပျဉ်းကတိုး ပိတောက်စတဲ့ အသားမျိုးစုံထွက်တဲ့ မြန်မာပြည်ကလာတဲ့သူတွေကတော့ IKEA က အိမ်ထောင်ပရိဘောကတွေကို သဘောကျမယ် မထင်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒီဇိုင်းတွေကသာ သဘောကျစရာ လိုချင်စရာကောင်းပေမဲ့ ရေရှည်ခိုင်ခံ့မယ် မထင်ဘူးလေ။  IKEA က ပစ္စည်းတွေကို လူလတ်တန်းစားတွေသာ ၀ယ်ကြတာမဟုတ်ပါဘူး။ ဖက်ရှင် ဒီဇိုင်နာ Giorgio Armani ကလည်း သူ့ ဇိမ်ခံ ရွက်လှေမှာ IKEA က ပစ္စည်းတွေနဲ့ ဆင်ထားတယ်တဲ့။  ဆွီဒင် ဘုရင်နဲ့ ဘုရင်မကလည်း IKEA က ပရိဘောဂတွေပဲ သုံးကြတယ်တဲ့။ 
IKEA မှာ ငွေရှင်းကောင်တာက ထွက်ပြီးတောင် ၀ယ်ချင်အောင် လုပ်ထားပါသေးတယ်။ Chocolate ကြိုက်တဲ့သူတွေအတွက် နိုင်ငံတကာက Chocolate ပေါင်းစုံရှိတတ်ပါတယ်။ တစ်ခါတစ်လေ IKEA ရောက်လို့ chocolate တစ်မျိုးမျိုးဝယ်လာမိတိုင်း ကုန်သွားလို့ ထပ်ဝယ်ချင်ရင် တခြားဆိုင်တွေမှာ ရှာရခက်ပြီး IKEA မှာပဲရှိလို့ ချောကလက်အတွက်နဲ့ IKEA သွားရတဲ့ အခိုက်အတန့်တွေဖြစ်ဘူးပါတယ်။  ၀ယ်ဝယ် မ၀ယ်ဝယ် IKEA ကတော့ တစ်ခေါက်သွား လည်ပတ် ကြည့်ရှုလို့ ကောင်းတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ 

စင်္ကာပူက IKEA မှာတော့ Fried Chicken Wing က တော်တော်ကောင်းတယ်လို့ နာမည်ကြီးတယ်။
အဲ့တော့ ဈေးသွားဝယ်ရင်း ကြက်ကြော်လေးသွားစားတဲ့အခါ ဒီပိုစ့်လေးက အထောက်အကူတစ်ခုခုဖြစ်ပါစေပေါ့။

သုန်သုန် 

No comments:

Post a Comment