Monday, 26 September 2016

ဗီယက်နမ်ခရီးစဉ်

ဗီယက်နမ်သွားတောလား ( Aug 2015)

ခြေထောက်မှာ မှဲ့ ရှိရင်..အရမ်းသွားရတယ်ဆိုလို့ ထင်ပါရဲ့ ...ခုတော့ ဗီယက်နမ်ကို ပထမဆုံးအကြိမ်ရောက်လာပါ
တယ်။ ခက်ပါဘိ..နေရာအတည်တကျမရှိနိုင်တဲ့ဘ၀..

ဘာလိုလိုနဲ့  Tan Son Nhat (ဟိုချီမင်း) လေဆိပ်ကိုရောက်လာပါတယ်။ ရောက်ရောက်ခြင်းထူးခြားတာတွေကိုတွေ့ 
လိုက်ပါတယ်။ လ.၀.က က လူငယ်တွေပဲ။ ကျမတော်တော်လေးကို အံ့သြမိပါတယ်။ အံ့သြဆို..ရောက်ဖူးတဲ့နိုင်ငံ
တွေလိုလိုတိုင်းမှာက သက်ကြီးပိုင်းတွေပဲတာဝန်ယူပြီးလုပ်ဆောင်ကြတာကိုး။ သြော်..လူငယ်တွေကို နေရာပေးတယ်
ထင်ပါရဲ့ လို့  စိတ်ထဲမှာတွေးမိပါသေးတယ်။

အဲလိုနဲ့ ...ကကစီးပြီးတည်းခိုမယ့်နေရာကို ရောက်လာပါတယ်။ လေဆိပ်က မြို့ ပြင်မှာရှိနေတဲ့အတွက်စ မြို့ တွင်းကို
၃၀ မိနစ်လောက်သွားရပါတယ်။ ကားခကတော့ ၂၀၀.၀၀၀ (၁၀$)ပါ။ မြန်မာပြည်ထက်တစ်ခုတိုးတတ်တာက စည်းစနစ်ရှီတဲ့ ပုံစံတူ မီတာ Taxi တွေပါပဲ.. မောင်းသူ စီးသူကြားစကားအပိုမပြောရတဲ့ အဲ့ taxi က စင်္ကာပူကနေလာတဲ့ ကျမအတွက် အတော်လေး သက်သာလှပါတယ်. တစ်ခုပါပဲ… Communication ပိုင်း စိတ်ပင်ပန်းမှုကြုံရတာပါပဲ…
tongue emoticon

မနက်ရောက်တော့ မနက်စာသွားစားဖြစ်တယ်.. သူတို့နိုင်ငံရဲ့ ရိုးရာအစားအစာဖြစ်တယ်ပြောရမယ်. ဆန်ခေါက်ဆွဲကို ပြူတ်ချိုဟင်းနဲ့ မြန်မာမုန့်တီလိုမျိုးးး.. ကျမတော့ မုန်ညှင်းရွက်မကြိုက်လို့ ..အဲ့ဒါ မစားးဖြစ်ခဲ့ပါဘူးး .။…. နောက်တစ်ခုက ပဲပင်ပေါက် တော်တော်လေးစားတဲ့နိုင်ငံဗျ … ပင်စိမ်းရွက်လိုလို ပူဆီနံလဲအတော်စားတဲ့နိုင်ငံပဲဗျ… ကျမအတွက်ကတော့ အဆင်မပြေပါဘူးးး ….. International Buffet အဆင့်မှီမှီ မနက်စာလေးက အတော်လေးအဆင်ပြေပါတယ်။။ ဖြစ်ချင်တော့.. ခရီးပထမဆုံးနေ့မှာ အစာအိမ်ရောဂါက ပြန်ဖြစ်လာတော့ နဲနဲပဲစားဖြစ်ခဲ့သလို.. ဓါတ်ပုံလဲ မရှိုက်နိုင်ခဲ့ပါဘူးးး
သူတို့ရဲ့ ရိုးရာဆန်ခေါက်ဆွဲပြုတ်ကိုတော့ ဓါတ်ပုံတင်ထားပါတယ်…

မြို့ တွင်းသွားလာရေးပါပဲ။ ဆိုင်ကယ်မြို့ တော်လို့ တောင်ခေါ်လို့ ရပါတယ်။ ဆိုင်ကယ်ဟွန်းသံတွေမပြတ်
ကြားရလွန်းလို့  နားငြီးခြင်းဝေဒနာတောင်ရလောက်ပါပေတယ်။ ပြီးတော့မောင်းပုံကလဲ..သွားချင်တဲ့ဘက်ကိုသွား
တာပဲ။ ကွေ့ ချင်ရင်လဲ ကွေ့ ချလိုက်တာပဲ။ နောက်ကလူက ကြည့်ရှောင်ရပါတယ်။ နောက်ကနေလိုက်စီးရင်တောင်
ရင်တမမနဲ့  ဘယ်ချိန်မှာတိုက်မလဲဆိုပြီး..ရင်တခုန်ခုန်ဖြစ်ရလောက်တယ်ဗျ.... နှလုံးရောဂါရှိသူများအတွက်တော့ ကားပဲ
စီးပါလို့  တိုက်တွန်းလိုပါတယ်။ စည်းစနစ်ကတော့ မြို့ပြဖြစ်ပေမဲ့ ပရမ်းပတာပါပဲ.. ဟဲဟဲ… (ခွင့်လွှတ်ပါ).. ကျမ စလုံးကအကျင့်တွေပါပီးး ကွန်ပလိန်းရမှ ကျေနပ်တတ်သူမို့ပါ့……
tongue emoticon

ဒါကတော့ လမ်းဘေးဆံပင်ညှပ်ဆိုင်ဖြစ်ပါတယ်။ နေရာတော်တော်များများမှာတွေ့ ရပါတယ်…. ပုံမှန်စီးပွားရေး သေးသေးလေးလုပ်တဲ့သူတွေအတွက် တစ်နိုင်တစ်ပိုင်ဆိုရမလားပဲ.. မြန်မာနိုင်ငံမှာလဲ ရှိတတ်ပါတယ်… များသောအားဖြင့် ပန်းခြံလိုနေရာမျိုးလေးတွေမှာ ဒီလိုဆိုင်လေးတွေ တွေ့ရတယ်….ညှပ်တဲ့သူလဲ ရှိသင့်သလောက်ရှိနေပါတယ်….

ဒါကတော့ လမ်းကြိုကြားပါ။ သူတို့ ရဲ့ မြို့ ဟောင်းလို့ ခေါ်တဲ့နေရာ (နိုင်ငံခြားသားများ အများအားဖြင့်နေသောနေရာ)
မှာတော့ လမ်းတစ်ခုနဲ့ တစ်ခု ဆက်သွယ်နေတာ ပင့်ကူအိမ်နဲ့ တောင်တူပါတယ်ဗျာ။ လုံးဝကို မမှတ်မိဘူး။ ခေါင်းသာ
နောက်သွားတယ်..ဘယ်ရောက်လို့ ရောက်နေမှန်းကိုမသိတာ။ ကျမဆို မြေပုံကိုင်ပီးးး အခါခါ လမ်းပျောက်ခဲ့သူပါ… ဆိုင်ကယ်တွေကရှုပ် ကားကရှုပ် လမ်းကမကျွမ်းကျင်.. မသိလို့မေးရအောင်လဲ English က ပြောတတ်သူက နည်းး…. တော်တော်လေးကို သက်ပြင်းတွေချခဲ့ရတဲ့ နေရာပါပဲ…
grin emoticon

ယေဘုယျ သတင်းအချက်အလက်။ ။

အသုံးပြုငွေ။ ။ တွန် (Don) လို့ ခေါ်ပြီးတော့ ၂၀.၀၀၀ က ၁$ နဲ့ ညီပါတယ်။

အသုံးစရိတ်။ ။ တစ်နပ်ကို အနည်းဆုံး... ၂၅.၀၀၀ ကျပါတယ်။ ပျမ်းမျှ… (ရေမပါ) ဆိုင်ကြီးရင်ကြီးသလိုပေါ့နော်.. ကျမတော့ တစ်ခါစားး 100,000 VND ပေးရတာပါပဲ… အစားအသောက်ချေးများတာကိုးးးးး ဒါပေမဲ့.. မြန်မာနိုင်ငံထက်ငွေသုံးလို့ပိုကောင်းတဲ့ နိုင်ငံအဖြစ် ကျမတော့ သဘောကျတယ်. ပိုက်ဆံ အရွက်ကြီးတွေကို Amount အမျာြးဲကီးပေးရတာ သဘောကျတတ်တော့ ပျော်စရာပါပဲ….
tongue emoticon

အသွားအလာ။ ။ အများအားဖြင့်တော့ ဆိုင်ကယ်နဲ့ ပဲသွားပါတယ်။ ဘတ်စ်ကားတွေလဲရှိပါတယ်။

အစားအစာ။ ။ ကျမအတွက်တော့ သိပ်မဆန်းပါဘူး။ တော်တော်လေးဆင်တူပါတယ် အထူးသဖြင့် သျှမ်းအစား
အစာနဲ့ ပေါ့.. ဆီသိပ်မသုံးပဲ..ဖြူဖပ်ဖပ်နဲ့ လေ။ သူတို့လူမျိုးတွေ
ထမင်းစား တိုင်း မပါမဖြစ် ပါခဲ့ တာက ကြက်သား ဒါမှ မဟုတ် ဝက်သား ဒါမှ မဟုတ် အမဲသား ပါတဲ့ ခေါက်ဆွဲ စွပ်ပြုတ် ပဲ ဖြစ်ပါတယ်။ အဲဒီ စွပ်ပြုတ် ရဲ့ နာမည်က Pho ဖြစ်ပါတယ်။ အဆီ မပါဘဲ ပြုတ်ရည် ကို အရသာ ရှိပြီး ချိုမွှေး နေအောင် ပြုလုပ် ထားပါတယ်။ အဲဒီ စွပ်ပြုတ် ကို အနီရောင် ငရုတ်သီး၊ ပင်စိမ်း၊ ကြက်သွန်နီ၊ ဟင်းသီး ဟင်းရွက် တွေနဲ့ ရော ထည့် စားရ ပါတယ်။
ဒါပေမဲ့.. ကျမ ဟိုချီမင်းမှာရှိနေတဲ့ ကာလတွေ များသောအားဖြင့်.. Thai Express .. Burger King … အဲ့ဒါတွေပဲ သတိရလို့.. အဲ့ဒါတွေပဲ ရအောင်သွားစားဖြစ်တယ်။။။။။

အနေအထိုင်း။ ။ Free style..Free style. Free Style ကျချက်ကတော့.. .မြန်မာနိုင်ငံက ယဉ်ကျေးခြင်းမျက်လုံးနဲ့ မကြည့်လေနဲ့ ။ ပွင့်လင်းတယ်
ခေတ်ဆန်တယ်၊ ဖက်တာနမ်းတာ ပုံမှန်ပဲ (ရင်းနှီးတဲ့သူတွေအတွက်နော်)။ Foreigner အ၀င်များတော့ပိုပီးး Free သွားတယ်ထင်ပါ့…. ဒူးထောင်ပြီးလဲ ထမင်းစားတယ်၊
သွားကြားထိုးတံညှပ်ပြီး စကားလဲပြောတာ်။ ဆေးလိပ်၊ အရက် ဈေးမကြီးပါ။ ရာသီဥတုကတော့ မိုး ရာသီ မို့ လို့ 
ထင်ပါတယ် အေးအေးလေးနဲ့ နေလို့ ကောင်းတယ်။ ဒါပေမဲ့ မိုးရာသီကို သဘောမကျတဲ့ ကျမအတွက်တော့ တော်တော်လေး စိတ်ရှုပ်စေခဲ့တယ်…

အလုပ်အကိုင်။ ။ ရှားတယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် သူတို့ တွေတော်တော်လေးကို အလုပ်ကြိုးစားကြပါတယ်။
ကျမ့ရဲ့  ကြိုးစားတယ် ပင်ပန်းတယ်ဆိုတာလောက်ကတော့ သူတို့ က ပုံမှန်ပဲ။ အလုပ်လုပ်တာကိုတော့
တော်တော်လေးကို ချီးကျူးမိပါတယ်။

စကား။ ။ အင်္ဂလိပ်စကားမရပါ။ (ဒါကြောင့် ကျမမှာ ခေါက်ဆွဲပဲလှိမ့်ဆွဲခဲ့ရသလို… This one .. That one နဲ့ ၀က်မှန်းကြက်မှန်းဘဲမှန်း မသိ အလွဲလွဲ စားခဲ့ရသလိုပါပဲ…… .ဟင်းမှ မမှာတတ်ပဲကိုး)

နောက်တစ်ပိုင်းတော့.. Cu Chi tunnelဘက်ရောက်ဖြစ်ပုံလေးး မှတ်မိသလောက်ပေါ့.. :D

ဗီယက်နမ်သွားတောလား - ၂

Ho Chi Minh နဲ့ Singapore က သိပ်မဝေးပါဘူး။ လေယာဉ်ပေါ်မှာ ရုပ်ရှင်တစ်ကားတောင် ပြီးအောင်မကြည့်ရပါဘူး။ ၁ နာရီခွဲလောက်ပဲ ကြာပါတယ်။ Ho Chi Minh လေဆိပ်က အပျံစား မဟုတ်ပေမယ့် ကျယ်ကျယ်ဝန်းဝန်း သပ်သပ်ရပ်ရပ် ရှိလှပါတယ်။ ကောင်းပါတယ်။ လေကြောင်းလိုင်း တော်တော်များများက လေယာဉ်တွေ ဆိုက်နေတာလည်း တွေ့ရပါတယ်။ Europe ကဆိုက်တဲ့ လေကြောင်းလိုင်းကတော့ Air France ပေါ့၊ Saigon က France လက်အောက်မှာ နေဖူးတော့ အခုထိလည်း အဆက်အဆံ ရှိနေပါသေးတယ်။Immigration ကလည်း Counter တွေတော်တော် များပြီး လမ်းညွှန်တွေက အဆင်ပြေပါတယ်။ Immigration Officer တွေရဲ့ Uniform ကတော့ ရဲဝတ်စုံလိုလိုပါ။ ပုခုံးပေါ်မှာလည်း အနီရောင်ဘားတွေနဲ့ ကြယ်တွေနဲ့ ဆိုတော့ မြင်တာနဲ့ ကွန်မြူနစ်နိုင်ငံ ရောက်နေတယ်ဆိုတာ မေးစရာမလိုပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ဦးထုပ်(အမာစား)တွေကို Counter တွေပေါ်မှာ သပ်သပ်ရပ်ရပ် တင်ထားတော့ ဘာရယ် ညာရယ် မဟုတ်ဘူး လူရှိန်တာပေါ့။ ကြည့်လို့လည်း ကောင်းပါတယ်။

လေဆိပ် အဆောက်အဦးထဲ က ထွက်လိုက်တာနဲ့ လူတွေ၊ လူတွေ ဆိုတာ နည်းတာမဟုတ်ဘူး။ သိပ်မကောင်းသေးတဲ့ လေဆိပ်ဆိုရင် ဒီလိုပဲ။ လာကြိုတဲ့သူတွေနဲ့ ကားတွေအတွက် ထည့်မစဉ်းစားထားဘူး။ လမ်းမပေါ် ရောက်တော့လည်း ဆိုင်ကယ်တွေဆိုတာ တစ်လမ်းလုံး အပြည့်ပဲ။ ကြိုမျှော်လင့်ထားပေမယ့် တကယ်တမ်းကျတော့ ထင်ထားတာထက် ပိုများပါတယ်။ ဘာနဲ့တူလည်းဆိုတော့ အရေးအခင်းတုန်းက လမ်းမပေါ်မှာ လူတွေနဲ့ ပြည့်နေသလိုပါပဲ။ ဖြည်းဖြည်း ဖြည်းဖြည်းပဲ မောင်းနိုင်ကြပါတယ်။ ယောက်ျား၊ မိန်းမ မရွေး ဆိုက်ကယ်မောင်းကြပါတယ်။ ဘယ်သူမှ Helmet မဆောင်းကြပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက လူတိုင်း Helmet ဆောင်းကြဖို့ အမိန့်ထုတ်ဖူးပါတယ်။ အမိန့်ထုတ်ပြီးတော့မှ ယာဉ်တိုက်မှုနှုန်းက ပိုများလာပါတယ်။ သဘာဝကျပါတယ်။ Helmet ဆောင်းထားတော့ မြင်ကွင်းကလည်း အပြည့်မမြင်ရ၊ အသံလည်း ကောင်းကောင်းမကြားရပါဘူး။Helmet မဆောင်းထားရင် မျက်စိ တစ်ချက်လှုပ်လိုက်တာနဲ့ ဘေးဘီကို ကောင်းကောင်းလည်း မြင်ရပါတယ်။မြို့တွင်းလမ်းတွေမှာ စက်ဘီး မောင်းတာထက် မပိုချင်တဲ့ နှုန်းနဲ့ ဖြည်းဖြည်းပဲ မောင်းလို့ရတာ ဆိုတော့ လဲကျလည်း ကိစ္စမရှိပါဘူး။ အဲဒါနဲ့ ဘယ်သူမှ Helmet မဆောင်းကြတော့ပါဘူး။ နေပူရင်တော့ ရိုးရိုး ဦးထုပ် ဆောင်းကြပါတယ်။ မိန်းကလေးတွေကတော့ လက်ရှည်တွေ၊ Mask တွေ ၀တ်ထားကြပါတယ်။ ကလေးတွေကလည်း ဆိုင်ကယ်နဲ့ ဖက်မွေးထားတဲ့ အတိုင်းပါပဲ။ အရှေ့မှာ ကောင်းကောင်း ထိုင်တတ်ကြပါတယ်။ တစ်ချို့ဆို အိပ်တောင် အိပ်နေပါတယ်။ ဆိုင်ကယ်တွေက များလွန်းတော့ အရမ်း Pollute ဖြစ်ပါတယ်။ လမ်းမပေါ်ရောက်ရင် အသက်ကောင်းကောင်းရှူလို့ မရပါဘူး။ လမ်းဘေးမှာ တစ်နေကုန် နေရတဲ့ ဆိုင်ထိုင်တဲ့ သူတွေပါ Mask တွေ ၀တ်ထားရပါတယ်။ လမ်းကူးရတာလည်း မလွယ်ပါဘူး။ Guide ပြောသလိုပဲ မျက်စိမှိတ်ပြီး တည့်တည့်သာကူးသွား ဆိုင်ကယ်တွေက ရပ်ရင်ရပ် မရပ်ရင် ရှောင်သွားကြပါတယ်။ မျက်စိတော့ မမှိတ်ပါဘူး၊ ဒီအတိုင်းပဲ ဖြည်းဖြည်း ကူးသွားရင် ရပါတယ်။
ပထမနေ့မှာ… အခြားနိုင်ငံခြားသားတွေအပါအ၀င် လူ၃၀လောက်..
မနက်စာ စားပြီးတော့ Cu Chi Tunnel ကို သွားကြပါတယ်။ Cu Chi Tunnel ဆိုတာ နာမည်ကျော်ပါပဲ။ အမေရိကန်တပ်တွကို ပြောက်ကျားနည်းနဲ့ မြေအောက်မှာ တွင်းတွေ တူးပြီးတိုက်တဲ့နေရာပါ။ ဆိုင်ဂုံသွားရင် မလည်မဖြစ်သွားရမယ့် နေရာပါ။ မြို့ထဲကနေ ၁ နာရီလောက် ကားနဲ့ သွားရပါတယ်။ ကျွန်မတို့ ရောက်သွားတော့ Bus ကားတွေက ၅ စင်းလောက်ရှိနေပါပြီ။ မိုးရွာထားပေမဲ့လဲ လူကတော့ အတော်များလှပါတယ်…. အမြဲတမ်းပဲ အဲဒီလိုများလား မသိဘူး။ ရောက်တာနဲ့ အခန်းလေးတစ်ခန်းထဲမှာ လူစုပြီး Tour Guide က မြေပုံတွေ၊ ပုံစံငယ်လေးနဲ့ ရှင်းပြပါတယ်။ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပြီးတော့ Documentary တစ်ခွေပြပါတယ်။ ပြီးမှ တကယ့် စစ်စခန်းတွေ နေရာကို သွားကြပါတယ်။ Tunnel တွေရှိတဲ့ နေရာက အခုတော့ လူသွားတာ များလို့ တော အနက်ကြီး မဟုတ်တော့ပါဘူး။ လွယ်လွယ်ကူကူ သွားလို့ရသွားပါပြီ။ မြေအောက် လှိုဏ်ခေါင်းလေးတွေ ၀င်ပေါက်တွေက အင်မတန် သေးပါတယ်။ လူသေးသေး တစ်ကိုယ်စာ ၀င်လို့ရယုံပါပဲ။ လေ၀င်ပေါက်တွေက ဟိုးအတွင်းကနေ ၀ါးလုံးတွေနဲ့ သွယ်ထားတာပါ။ အပေါ်မှာ မြေကြီးတွေက ခြတောင်ပို့လိုမျိုး လုပ်ထားပါတယ်။ ကတုတ်ကျင်းတွေနဲ့လည်း ဆက်ထားပါတယ်။ ပြီးတော့ အနားမှာလည်း ထောင်ချောက်တွေ အများကြီးပါပဲ။ ထောက်ချောက်တွေက လူကိုချက်ချင်း သေစေနိုင်တဲ့ဟာမျိုးတွေရော၊ ဆူးတွေစူးပြီး ပြန်ထုတ်ရ ခက်တဲ့ ဟာမျိုးတွေရောပါ။ ချက်ချင်း မသေဘဲ ဒဏ်ရရတဲ့ အမေရိကန် စစ်သားတွေကို နောက်တန်းပြန်ခေါ်သွားတော့ နောက်တန်းက စစ်သားတွေလည်းကို ခြောက်လန့်နိုင်စေပါတယ်။ စိတ်ဓါတ် စစ်ဆင်ရေးပေါ့။
ခဏနားပြီးတော့ ဆက်သွားတော့ တကယ်ဝင်လို့ ရတဲ့ မြေအောက်လှိုဏ်ခေါင်းကို ရောက်သွားပါတယ်။ Tourist တွေ အတွက် ချဲ့ပေးထားတဲ့ နည်းနည်းလည်း တိုတဲ့ လှိုဏ်ခေါင်းပါ။ ကျွန်မလည်း ၀င်ကြည့်ဖို့ကြိုးစားပါတယ်…အသက်ရှုကျပ်လာလို့ချက်ချင်းပြန်ထွက်ခဲ့၇တော့တာပါပဲ… Castrophobic ဖြစ်တဲ့ သူတွေလဲ လိုက်မ၀င်ကြပါဘူး။ချဲ့ပေးထားတယ် ဆိုတာတောင် တော်တော် ကျဉ်းပါတယ်။ လေးဘက်ထောက် သွားရမဲ့ပုံပါပဲ… တကယ်ဟာဆို မိကျောင်းသွား သွားရတာဆိုပဲ။ ၁၅ မိနစ်လောက်ပဲ ကြာပေမယ့် နည်းနည်းတော့ ချောက်ချားစရာ ကောင်းလောက်ပါတယ်… မှောင်မှောင် ကျဉ်းကျဉ်းလေး ဘာမှလည်း မမြင်ရ၊ ဘယ်တော့များ အပြင် ပြန်ရောက်ပါ့မလဲ လို့ပဲတွေးပြီး ဆက်ကိုမ၀င်တော့ပါဘူးးးးးး ရှေ့ကလူကို ဖုန်းက အလင်းရောင်နဲ့ပဲ မြင်ရပါတယ်။ အမလေး ပြန်ထွက်လာတော့မှပဲ အသက်၀၀ ရှူလို့ ရပါတော့တယ်။ အထဲမှာလည်း အသက်တော့ ရှူလို့ရပေမဲ့လဲ..မြေနံ့ရယ် လူတွေစုပြုံတိုးနေရမဲ့ အခြေအနေ ကြိုမြင်ပြီးးး ဆက်မ၀င်ပဲ ထွက်ခဲ့ရတာပါပဲ…… မြေကြီး နံရံတွေကလည်း မာပါတယ်။ ခြောက်သွေ့ပါတယ်။ အဆုံးထိလိုက်သွားကြည့်မယ်ဆိုရင်တော့ တကယ့် အတွေ့အကြုံ တစ်ခုပါပဲ။ တစ်နေကုန် တောထဲ လျှောက်သွားတာရယ်၊ မိုးကလဲရွာထားတာရယ်ကြောင့် လူလည်းပဲ တော်တော် စုတ်ပြတ်သွားပါတယ်။ ပလောပီနံဥပြုတ်နဲ့ ရေနွေးကြမ်း ကျွေးပါတယ်။ ဗီယက်ကောင်းတွေ စားတဲ့ အတိုင်းတဲ့။ မီးဖိုကလည်း မြေကြီးထဲမှာပါပဲ။ မီးခိုးကို ရေပိုက်သွယ်သလို သွယ်ပြီး အဝေးမှာ ထုတ်ပါတယ်။ ဒါမှ လေကြောင်းကကြည့်ပြီး ဗုံးကျဲရင် နေရာ လွဲအောင်ပါ။ ဗုံးတစ်လုံး တစ်လုံးကလည်း ကျဲလိုက်ရင် အကျယ် အ၀န်းက ပေ ၁၅၀ လောက်ရှိပြီး အနက်က ပေ၂၀-၃၀ လောက် ရှိတာဆိုတော့ မလွယ်ပါဘူး။ ဆေးရုံကလည်း မြေအောက်မှာပါပဲ။ တစ်ခုမှာ ကုတင် ၁ လုံး၊ ၂ လုံးလောက်ပဲ ရှိပါတယ်။ ဗုံးကျဲလို့ သေလည်း ၁ ယောက်၊ ၂ ယောက်ပဲတဲ့။ အဲဒီမှာပဲ ညနေခင်းသွားပါတယ်။ ပြီးတော့ ဆက်လျှောက်သွားကြတော့ သေနတ်ပစ်ကွင်း ရောက်သွားပါတယ်။ အဲဒီမှာ AK47 ပစ်မလား၊ M16 ပစ်မလား ပစ်လို့ရပါတယ်။ ကျည်တစ်တောင့်ကို 3.0 ဒေါ်လာလောက်ပေးရပါတယ်။ တစ်ခါပစ် ၁၀ တောင့်ပါ။ တစ်ချို့တွေ ပစ်ကြပါတယ်။ စင်္ကာပူမှာ တကယ့်သေနက်အစစ်မပစ်ခဲ့ရလို့ ဗီယက်နမ်မှာ လက်မောင်းအအောင့်ခံပြီးကို ပစ်ခဲ့ပါသေးတယ်... ဒီသေနက်ပစ်ရတဲ့ အစီအစဉ်သဘောအကျဆုံးပါပဲ....
grin emoticon

ဒုတိယနေ့----
နောက်တနေ့ မနက်ကျတော့ မဲခေါင်မြစ်ဝှမ်းကို သွားပါတယ်။ My Tho ဆိုတဲ့ "ဆန်အိုးကြီး" လို့ တင်စားပြီး ခေါ်တဲ့ မဲခေါင်မြစ်ဝှမ်းကကျေးရွာလေးပါ။ ဒီဒေသက ဆန်နဲ့ ရာသီစုံသစ်သီးတွေ အလျှံ ပယ်ထွက်တဲ့ဒေသပေါ့ ၊ အဲ့ဒေသကနေ လှေကလေး တွေစီးပြီး မဲခေါင်မြစ်ရဲ့အလယ်မှာရှိတဲ့ ကျွန်းကလေးပေါ်မှာသစ်သီးတွေ၊ ဒေသထွက်ကုန်တွေကိုလေ့လာ စားသောက်မယ်လို့ Tour Guide ကပြောပြတယ်…
မဲခေါင်မြစ်က ငယ်ငယ်လေးတည်းက ကြားဖူးပြီး ဘာရယ်မဟုတ် ရောက်ဖူးချင်နေတာ အတော်ပဲ ဖြစ်သွားတယ်။ သွားချင်တာ နိုင်းမြစ်တော့ ကျန်သေးတယ်။ ရောက်ကောင်းရောက်သွားနိုင်တယ်။ မဲခေါင်မြစ်ဝှမ်းက ဆိုင်ဂုံကနေ တော်တော်ဝေးပါတယ်။ ၂နာရီခွဲလောက် ကားစီးရပါတယ်။ သွားတဲ့လမ်းမှာ ယွန်းထည်ဆိုင် တစ်ဆိုင်ကို သွားပါတယ်။ အလုပ်ရုံနဲ့ ဆိုင်နဲ့ တွဲထားတာပါ။ ယွန်းထည် ဘယ်လိုလုပ်လဲကိုပါ ရှင်းပြပါတယ်။ သူ့ယွန်းက အပြင်ပန်းကတော့ မြန်မာယွန်းထက် ညက်ပါတယ်။ ပိုချောတယ်၊ ပိုပြောင်လက်ပါတယ်။ အထဲကတော့ မြန်မာယွန်းကို ပိုကြိုက်တယ်။ မြန်မာယွန်းကတော့ ၀ါးဖျား၊ ၀ါးမျှင်လေးတွေကို ပုံဖော်ယက်ထားတာ။ သူတို့က သစ်သားကြီးနဲ့။ အဲဒီတော့ မြန်မာယွန်းထည်က ပိုလက်ရာဝင်ပြီး၊ သုံးရတာလည်း ပေါ့ပါးပါတယ်။ တစ်ခါတစ်လေလည်း ပုဂံက ယွန်းခွက်နဲ့ ရေသောက်ရတာ ကြိုက်ပါတယ်။ မွှေးလို့။ သူတို့ ယွန်းကတော့ အပြင်ကနေ ကမာခွံတွေကပ်၊ ကြက်ဥခွံတွေ ကပ်ပြီး ပုံဖော်တာလည်း ရှိပါတယ်။ တော်တော်ကြာကြာ လုပ်ယူရမှာပါ။ လက်မှုထည်ပါ။ အနုပညာထည်တော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ Mass Production ဆိုတော့ တစ်စုံတစ်ယောက်အတွက် Name Cardထည့်တဲ့ ယွန်းထည်လေး ၀ယ်လာတယ်။ ဒါက မြန်မာယွန်း၊ ဒါက ဗီယက်နမ်ယွန်း ယှဉ်မလားပေါ့…… ပြီးတော့ မဲခေါင်မြစ်ဆီ ဆက်သွားကြပါတယ်…… မဲခေါင်မြစ်ကတော့ မြစ်ပီပီသသ ကျယ်ပါတယ်။ မြစ်ဝဆိုတော့ ပိုပြီးတော့ ကျယ်ပါတယ်။ ချောင်းသာသာ မြောင်းသာသာလောက်ကို Singapore River ပြောနေရတဲ့ Singaporean တွေအတွက်သာမက ဧရာဝတီမြင်ဖူးတဲ့ ကျွန်မတောင် တော်တော် ပျော်သွားပါတယ်။ သင်္ဘော(စက်တပ်လှေ) လေးတွေနဲ့ ကျွန်းတွေကို သွားကြပါတယ်။ တန့်ကြည့်တောင် သွားတုန်းက လှေစီးတာတို့ကိုတောင် ပြန်သတိရတယ်။ ဧရာဝတီ အလယ်ပိုင်းကတော့ သောင်ထွန်းတာနဲ့ တော်တော်ကျဉ်းသွားပါပြီ။ အခုဟာကတော့ တော်တော်ကြီးကို ကျယ်ပါတယ်။ မြစ်ထဲမှာ သဲတူးတဲ့သူတွေ၊ ပုဇွန်ထောင်တဲ့သူတွေ၊ ငါးဖမ်းတဲ့သူတွေ အများကြီးပဲ။ မြစ်တစ်စင်းဟာ ပါးစပ်ပေါင်း များစွာကို ကျွေးထားနိုင်တာပဲ။ တန်ဖိုးထားတတ်မယ်ဆိုရင်တော့ မြစ်တစ်စင်းဟာ လူ့အသက်ပေါင်းများစွာပါပဲ။ နားမလည်လို့ပဲ ဖျက်ဖျက်၊ သိရက်နဲ့ပဲ ဖျက်ဖျက် မြစ်ကို တိမ်ကောအောင်၊ ကျဉ်းအောင်လုပ်တာဟာ (သူ့ကိုမှီခိုနေတဲ့)လူတွေကို ငတ်အောင်လုပ်သလိုပါပဲ။ ထားပါတော့။ အဲဒါနဲ့ ကျွန်မတို့ကို ကျွန်းလေးတစ်ကျွန်းကို ခေါ်သွားပါတယ်။ အဲဒီမှာ အုန်းသီးနဲ့ သကြားလုံးလုပ်တာ ရှိပါတယ်။ အုန်းသားနဲ့ လုပ်တဲ့ ဇွန်းတို့၊ ယောက်မတို့လည်း ရောင်းပါတယ်။ Coconut Candy တော့ မ၀ယ်တော့ပါဘူး။ နောက် မဲခေါင်မြစ်တလျှောက်လှေစီးပြီး THOI SON islet သွိုင်ဆွန် ကျွန်းငယ်လေးတွင် ရပ်နားကာ ဒေသခံတေးသီချင်း မျာကိုစီးမျှောခံစားရင်း ဒေသထွက် လတ်ဆပ်သောသစ်သီး များ ၊ လက်ဖက်ရည်မွှေးမွှေးတို့ ကို သုံးဆောင်ရပါသေးတယ်. အဲဒီမှာ ဒေသထွက် အသီးတွေနဲ့ ဧည့်ခံပါတယ်။ ဗီယက်နမ် မိသားတစ်စုက သီချင်းတွေ ဘာတွေ ဆိုပြီး ဧည့်ခံပါသေးတယ်။ Tip တော့ နည်းနည်း ပေးရတာပေါ့။ Singaporean တွေက သူတို့ကို သူတို့ ပြောနေကြတယ်။ ``Singaporean တွေနဲ့တွေ့ရင်တော့ သူတို့တွေ (သီချင်နဲ့ ဖျော်ဖြေတဲ့သူတွေ) တွက်ခြေကိုက်မှာ မဟုတ်ဘူး´´တဲ့။ Tip ပေးဖို့ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး နောက်ဆုံးမှာ စည်းလုံ ညီညွတ်စွာပဲ အနည်းဆုံး ပေးဖို့ သဘောတူလိုက်ကြတယ်လေ။ မဲခေါင်မြစ်ဝှမ်းကို သွားတာ စိတ်ညစ်ဆုံးကတော့ လမုတောတွေထဲမှာ လှေစီးရတာပါပဲ။ မြစ်ဝကျွန်းပေါ်ဆိုတော့ ချောင်းလက်တက်လေးတွေ၊ မြစ်လက်တက်လေးတွေ၊ ဒီရေတော၊ လမုတောတွေ ရှိပါတယ်။ အဲဒီ မြောင်းလက်တက်လေးတွေကနေ လှေစီးပြီး မြစ်မကြီးထဲကို သွားရတာပါ။ ဘေးမှာ အုန်းတောတွေ၊ လမုတောတွေနဲ့ ကြားထဲ ကျဉ်းကျဉ်းလေမှာ လှေစီးရတာ သူများတွေအတွက်တော့ာပျော်စရာ ကောင်းပါလိမ့်မယ်.. ကျမအတွက်တော့ ရေကြောက်တာရယ်.. Safe သိပ်မဖြစ်လှတဲ့ လှေတွေက ကျမကို အသက်ရှုတောင်ကျပ်စေပါတယ်… မိကျောင်းတွေ ဘာတွေတော့ မရှိတော့ဘူးတဲ့။ မြစ်ထဲမှာ ခဏလောက်နေပီးး မိနစ်20လောက်ကြာတော့ ကုန်းပေါ် ပြန်တက်ရပါတယ်။ ကိုယ်နိုင်ငံမှာ ရှိပေမယ် မစီးခဲ့ရဖူးပါဘူး။ ဒီလို မြင်ကွင်းမျိုးကိုတော့ `နှလုံးလှ လူမိုက်´ မြန်မာ ကားထဲမှာ တွေ့ဖူးပါတယ်။

နေ့လည်စာကို အဲဒီမြို့မှာပဲ စားပြီးတော့ ပြန်လာကြပါတယ်။ ကားပေါ်မှာ ခဏအိပ်လိုက်၊ နိုးလိုက် ပါပဲ။ ဗီယက်နမ်က လမ်းတွေက ကျယ်ပါတယ်။ အလယ်မှာ ကားသွားဖို့ (Lane) ၂ လမ်း၊ ၃ လမ်း ရှိပြီး ဘေးမှာ ဆိုင်ကယ်တွေ အတွက်လမ်း ရှိပါတယ်။ လမ်းတွေကလည်း ညက်ပါတယ်။ မြို့တွင်းလမ်းတွေကလည်း ကောင်းပါတယ်။ Express က လည်းကောင်းပါတယ်။ Express ကတော့ Express နဲ့ သိပ်အတူကြီး မဟုတ်သေးပါဘူး။ နည်းနည်းကျဉ်ပြီး ကားတွေ၊ လူတွေ မပြတ်ပါဘူး။ မလေးရှားက Express တွေက ပိုကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗီယက်နမ်က (မြန်မာပြည်နဲ့စာရင်) တော်တော် တိုးတက်နေပါပြီ။ Oliver Stone ရဲ့ Heaven and Earth ထဲက ဗီယက်နမ် မဟုတ်တော့ပါဘူး။ အဲဒီ ရုပ်ရှင်ထဲက ဗီယက်နမ်သူတွေလို မဟုတ်တော့ပါဘူး။ စစ်ကြောင့် လူ ၃ သန်းလောက်သေသွားတာ ဗီယက်နမ်မှာ ယောက်ျားနဲ မိန်းမ အချိုး မမျှခဲ့ပါဘူး။ စစ်ပြီးတော့ ဗီယက်နမ်မှာ ယောက်ျား ရှားသွားပါတယ်။ အဲတော့ ဗီယက်နမ်သူတွေက အိမ်ထောင်ပြုဖို့ ခက်သွားသလို အိမ်ထောင်ကိုလည်း အပြိုအကွဲ မခံနိုင်တော့ ယောက်ျားကို ပြုစုပါတယ်။ လုပ်ကျွေးပါတယ်။ အိမ်ထောင်မပြုတဲ့ သူတွေကလည်း ကိုယ့်ဘာသာ ရုန်းကန်ရတော့ ဗီယက်နမ်သူတွေဟာ တော်တော် Active ဖြစ်ပါတယ်။ Dependent ရုပ် မပေါက်ပါဘူး။ အခုဆိုရင် အဲဒီ မညီမျှတဲ့(လူဦးရေ)အချိုးဟာ အသက် ၆၅ နှစ်အထက် မှာပါ။ အသက် ၁၅ ကနေ ၆၄ ကတော့ အချိုးမျှပေမယ့် ဗီယက်နမ်သူတွေရဲ့ စိတ်ကတော့ မပြောင်းသွားပါဘူး။ ကိုယ့်ဘာသာကိုယ့် ရပ်တည်နိုင်ပါတယ်။ လူဦးရေ အချိုးပြောင်းသွားပေမယ့် ဗီယက်နမ်က ယောက်ျားတွေရဲ့ အချိုး (စိတ်ဓါတ်) ကတော့ မပြောင်းသွားပါဘူး။ ယောက်ျားရှားတယ် ရိုရိုသေသေ ဆက်ဆံလို့ပဲ ဆိုနေပါသေးတယ်။ ဗီယက်နမ်သူတွေကလည်း နိုင်ငံခြားသားတွေနဲ့ လက်ထပ်ကြပါတယ်။ ၁ နှစ်ကို အယောက် ၂ သောင်းလောက်က လက်ထပ်ကြတယ်ဆိုပဲ။ များသောအားဖြင့် ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့ကတဲ့။ စင်္ကာပူကလည်း ပါတယ်တဲ့။ မြန်မာ ၁ ယောက် ၂ ယောက်တောင် လက်ထပ်ထားတယ် ကြားဖူးတယ်။
အဲ့ဒီနေ့ကတော့ မဲခေါင်မြစ်ဝှမ်းမှာတင် အချိန်ကုန်သွားတယ်ဆိုပါတော့… မိုးကတော့ မိုးလင်းတည့်းကရွာ.. သွားရတာကေ၇လမ်းခရီးး ကျမတော့ တော်တော်လေး စိတ်မအီမသာတဲ့နေ့ပါပဲ... ဒါပေမဲ့လဲ…ရောက်သွားခဲ့တာပါပဲ.. အဲ့ဒီညက မဲခေါင်မြစ်ဝှမ်းဘက် ခရီးဖြစ်လို့.. MY THO မှာပဲ နားရပါတယ်… Saigon က ဟိုတယ်ထက်စာရင် 4 Star ချင်းတူတူ Saigon ကပိုပြီးသပ်ရပ်သန့်ရှင်းတယ်လို့ထင်တယ်…. မြို့နေလူထုကလဲ အေးဆေးငြိမ်သက်ပြီး ဟိုချီမင်းလို့ မျက်စိတွေရှုပ်စရာနည်းလှတယ်….
တတိယနေ့..
နောက်နေ့မနက်အစော 6 နာရီ Boat Station 1 ကနေ.. Floating Market ကိုသွားရပါတယ်။။။ စက်လှေပေါ်ကိုယ်တွေအပါအ၀င် နိုင်ငံခြားသား 30 လောက်ပါမယ်ထင်တယ်.. စက်လှေစထွက်တည်းက မိုးရွာတာပါပဲ.. မြန်မာပြည်လိုဆို အင်းလေး ရေပေါ်ဈေးလေးပေါ့.. တကယ်တွေ့မြင်လိုက်ရတော့.. သူတို့တွေရဲ့ ရေပေါ်ဈေးက အင်းလေးထက်စာရင် ညစ်ပတ်တယ် ထင်တာပါပဲ… အဲ့ရေထဲမှာပဲ ဈေးရာင်းး .. အဲ့ရေနဲ့ပဲ အစားအသောက်ချက်နေကြတာတွေလဲ မြင်ရ..တွေ့၇… ရေပေါ်ဈေးကနေ.. အိမ်တွင်းမှု ဆန်ခေါက်ဆွဲလုပ်ငန်းး အရက်ချက်လုပ်ငန်းးး ရိုးရာ BBQ ဆိုင်လေးတွေ ရောက်ဖြစ်ခဲ့ပါသေးတယ်… မိုးရွာတော့ ဓါတ်ပုံအနည်းငယ်လောက်ပဲ ရအောင်ရိုက်ဖြစ်ခဲ့ပါတယ်….

နေ့လည်စာကို MY Tho မှာ စားပြီး SaiGon ကိုပြန်လာပါတယ်။ ညနေ 5 နာရီလောက်မှာ Saigon ပြန်ရောက်ခဲ့ပါတယ်… အဲ့ဒီမှာပဲ.. Vietnam ခရီး 4 ရက် အဆုံးသတ်ပါတော့တယ်။။။။။

တချို့အကြောင်းအရာတွေတော့ အွန်လိုင်းက မှီငြမ်းရပါတယ်

သုန်သုန်






































စင်္ကာပူယာဉ်မောင်းလိုင်စင်

လူတိုင်းကတော့ စင်္ကာပူ လာအလုပ်ရှာတဲ့အခါ အလုပ်ရပြီး အဆင်ပြေပြေ ဖြတ်သန်းချင်မိတာ အဓိကပါပဲ။
ယခုနောက်ပိုင်းမှာ နိုင်ငံခြားလုပ်သားတွေ အရင်ကထက် ပိုပြီး အလုပ်လာရှာကြတဲ့အခါ အလုပ်ရတဲ့သူလဲရှိသလို မရပဲပြန်သွားရတဲ့သူတွေလဲများပါတယ်။ ဒီနေရာမှာ ကံဥာဏ်ဝီရိယ ဆိုတာထက်.. ဥာဏ် ကို အကျိုးရှိစွာအသုံးချတတ်ဖို့ ကျွန်မ အကြံပေးပါရစေ။ Professional ပိုင်းလုပ်သားတွေအတွက်အဓိက မကျသော်လည်း တစ်ဦးတစ်ယောက်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်…….
အခုနောက်ပိုင်း အလုပ်ခေါ်စာတွေ သတိထားမိတဲ့အခါ Driving License ရှိတဲ့သူအတွက် အခွင့်အရေး များလာပါတယ်။ (ဥပမာဆိုကြပါစို့) ကုမ္ပဏီတစ်ခုက အဲယားကွန်း ဆားဗစ်အတွက် လုပ်သားရှာတဲ့အခါ အဲယားကွန်းပိုင်းတစ်မျိုးတည်း ကျွမ်းကျင်သူထက် ဆားဗစ်ပိုင်းလဲနားလည် ကားမောင်းလိုင်စင်လဲရှိတဲ့သူကို ပိုဦးစားပေးခေါ်တတ်တာမျိုးပါ။ Site Supervisor ရာထူး အတွက် လျှောက်ထားသူတစ်ယောက်ဟာ Class 3 Driving Licence ရှိထားမယ်ဆိုလျှင် အလုပ်သမားများ အသွားအပြန် ကြိုပို့ပေးခြင်း၊ ပစ္စည်းများ တစ်နေရာမှ တစ်နေရာသို့ သယ်ခြင်း၊ အရေးပေါ် လိုအပ်သည့်ပစ္စည်းများကို အမြန်သွားရှာနိုင်ခြင်း စသည်တို့ကို လုပ်ဆောင် နိုင်သည့်အတွက် လိုင်စင်ရှိသူ နှင့် မရှိသူ ယှဉ်လိုက်လျှင် လိုင်စင်မရှိသူသည် အလုပ်အကိုင်၌ ပိုမို ကျွမ်းကျင်သော်လည်း လိုင်စင်ရှိသူထက် အခွင့်အလမ်း နည်းပါးတတ်ပါတယ်။ ဒါကြောင့် စင်္ကာပူ ယာဉ်မောင်းလိုင်စင်နဲ့ပတ်သက်သော လိုအပ်ချက်များကို ဖော်ပြရန် သိမှတ်သမျှhttp://driving-in-singapore.spf.gov.sg/ မှ အချက်အလက်များယူထားပါသည်။
ယခုအခါ မြန်မာပြည်တွင် International Driving Permit (IDP) ရရန် အဆင်ပြေနေသောကြောင့် တစ်ချို့လက်ရှိ ယာဉ်မောင်းလိုင်စင်ရှိသူများအနေဖြင့် စင်္ကာပူလာအလုပ်ရှာရန် ရည်ရွယ်ချက်ရှိပါက IDP ရရန် ကြိုးစားသင့်သည်။ မြန်မာနိုင်ငံ ယာဉ်မောင်းလိုင်စင်နှင့်ပတ်သက်သမျှhttp://www.myanmarrtad.com/?q=en/article/79 ဒီလင့်မှာ လေ့လာနိုင်ပါသည်။ ၁၉၉၇ ခုနှစ်မှစတင်ပြီး မြန်မာပြည်မှ Smart Card Driving License ရရှိထားသူတစ်ယောက်သည် ASEAN နိုင်ငံများတွင်း မောင်းနှင်နိုင်သည်ဟု ဆိုထားပါသည်။
စင်္ကာပူတွင် ယာဉ်မောင်းမည့်သူတစ်ယောက်သည် မိမိမောင်းလိုသည့်ယာဉ်နှင့်ကိုက်ညီသော တရားဝင်ယာဉ်မောင်းလိုင်စင်ရှိရမည်။ စင်ကာပူ နိုင်ငံသားများ၊ စင်ကာပူတွင် အမြဲနေထိုင်ခွင့် ရသူများ (PR) နှင့် စင်ကာပူတွင် ၁၂ လထက် ပိုပြီး နေထိုင်သော နိုင်ငံခြားသား များအားလုံး မိမိတို့ မောင်းနှင်လိုသည့် ယာဉ်အလိုက် စင်ကာပူ ယာဉ်မောင်း လိုင်စင်ရှိရန် လိုပါသည်။ စင်ကာပူတွင် ၁၂ လထက် မပိုဘဲ နေထိုင်မည့် နိုင်ငံခြားသားများ အနေနှင့် သက်ဆိုင်ရာ တိုင်းပြည်မှ ထုတ်ပေးထားသည့် သက်တမ်း မကုန်သေးသော International Driving Permit (IDP) ရှိရပါမည်။ IDP မရှိခဲ့ပါက သက်ဆိုင်ရာ တိုင်းပြည်မှ ထုတ်ပေးထားသော ယာဉ်မောင်း လိုင်စင်ကို တရားဝင် အင်္ဂလိပ် ဘာသာပြန် ရှိထားရပါမည်။
ယာဉ် အမျိုးအစား ကိုလိုက်၍ စင်ကာပူ ယာဉ်မောင်းလိုင်စင်များအား အောက်ပါ ဓါတ်ပုံတွင်ဖော်ပြထားသည့်အတိုင်း ခွဲခြားထားပါသည်။
ယာဉ်အမျိုးအစားအလိုက် ယာဉ်မောင်းလိုင်စင်အကြောင်းတွေသိပြီဆိုတော့ မြန်မာလုပ်သားတွေအတွက် အရေးပါမယ်ထင်တဲ့ နိုင်ငံခြား လိုင်စင်ကို စင်္ကာပူ လိုင်စင် အဖြစ် ပြောင်လဲခြင်း ကိုဖော်ပြပါမည်။
နိုင်ငံခြားတိုင်းပြည်တစ်ခုမှရရှိထားသော ယာဉ်မောင်းလိုင်စင်ကို စင်္ကာပူယာဉ်မောင်းလိုင်စင်သို့ ပြောင်းလဲလိုသူသည် BTT (Basic Theory Test) လို့ခေါ်တဲ့ အခြေခံစာတွေ့စစ်ဆေးမှု ဖြေဆို အောင်မြင်ရမည်။ အခြားနိုင်ငံမှအောင်မြင်လာသော စစ်ဆေးမှုရလဒ်များကို လက်ခံမည်မဟုတ်ပါ။ အခြေခံ စာတွေ့ စစ်ဆေးခြင်း (BTT) စာမေးပွဲ ဖြေဆိုရန်အတွက် ယာဉ်မောင်း သင်တန်းကျောင်း သုံးခုတွင် မိမိအဆင်ပြေသည့်ကျောင်းတွင် ကြိုတင် စာရင်း ပေးနိုင်ပါသည်။ BTT စာမေးပွဲ အောင်မြင်ပြီးလျှင် စင်္ကာပူ လိုင်စင်ပြောင်းရန် အတွက် (Traffic Police Driving Test Centre) ယာဉ်ထိန်းရဲ သင်တန်းစာမေးပွဲ ဌာန တွင် လူကိုယ်တိုင် သွားရောက်၍ သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများတင်ပြပြီး လျှောက်ထားနိုင် ပါသည်။ ယာဉ်မောင်းသင်တန်းကျောင်းသုံးကျောင်းတွင် ယာဉ်ထိန်းရဲသင်တန်းစာမေးပွဲဌာနကိုပူတွဲဖွင့်လှစ်ထားသောကြောင့် မိမိတို့အဆင်ပြေသော ဌာနတစ်ခုတည်းတွင် လိုင်စင်ပြောင်းလဲခြင်း ၊ အသစ်လျှောက်ခြင်း ၊ ပြန်လည်လျှောက်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။
လိုင်စင်ပြောင်းလဲလျှောက်ထားရန်အတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ယူဆောင်သွားရမည်.။
၁။ Work Permit / Employment Pass / Dependant Pass / Social Visit Pass / Entry Permit / NRIC ပက်စ်ပို့ (မူရင်းနှင့်မိတ္တူ)
၂။ နိုင်ငံခြား ယာဉ်မောင်း လိုင်စင် (မူရင်း နှင့် မိတ္တူ)
၃။ စင်ကာပူ ဒေါ်လာ ၅၀.၀၀။ (Cash Card နှင့် NETS ဘဏ်ကဒ် များဖြင့် သာ ပေးဆောင်နိုင်ပါသည်။)
၎။ နောက်ခံ အဖြူရောင် Passport size , Matt ဓါတ်ပုံစက္ကူသား နှင့် ရောင်စုံဓါတ်ပုံ တစ်ပုံ။
(ဓါတ်ပုံတွင် မျက်လုံးများသည် ရှေ့တည့်တည့်သို့ ကြည့်နေရမည်။ နားနှစ်ဖက်နှင့် မျက်ခုံးများဆံပင်ဖုံးနေခြင်းမဖြစ်စေရ.. ထင်ရှားနေရမည်။ ဦးထုပ် ဆောင်းခြင်း၊ နေကာမျက်မှန် တပ်ခြင်းများ ခွင့်မပြုပါ။ )
နိုင်ငံခြား ယာဉ်မောင်းလိုင်စင်သည် အင်္ဂလိပ်ဘာသာ နှင့် မဟုတ်ပါက International Driving Permit ကိုဖြစ်စေ .. မူရင်းလိုင်စင်ကို ဖြစ်စေ တရားဝင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ထားရပါမည်။
သင်တန်းကျောင်းလိပ်စာများမှာ ..
Woodlands Driving Test Centre, level 1,
Woodlands Industrial Park E4
Singapore 757387
co-located with the Singapore Safety Driving 2,
http://www.ssdcl.com.sg/
Bukit Batok Driving Test Centre, level 2,
815 Bukit Batok West Ave 5
Singapore 659085.
co-located with the Bukit Batok Driving Centre
http://www.bbdc.sg
Kampong Ubi Test Centre,
level 2, 205, Ubi Ave 4
Singapore 408805.
co-located with Comfort Delgro Driving Centre
http://www.cdc.com.sg
သင့်တွင် စင်ကာပူ ယာဉ်မောင်းလိုင်စင် ရပြီးဖြစ်ပါက International Driving Permit ကို Automobile Association of Singapore တွင် လျှောက်ထားနိုင်ပါသည်။
မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့အတိုင်း အလုပ်အကိုင်အခွင့်အလမ်းအတွက် ရှိသင့်တာထက် လိုအပ်သော အရည်အချင်းအတွေ့အကြုံတွေ လေ့လာရရှိပြီး အစစရာရာအဆင်ပြေကြပါစေ.။။။။
အကြောင်းတစ်စုံတစ်ရာ လွဲမှားခဲ့သည်ရှိသော် ကျွန်မရဲ့ လေ့လာအားနည်းမှုသာဖြစ်သည်။
သုန်သုန် 

Monday, 19 September 2016

ဘ၀အတွက်တွေးရပြီ....

ခေါင်းစဉ်ကြီးကတော့ ဘ၀အတွက် တွေးရပြီ လို့ဆိုလိုက်တော့ ကိုယ့်ဘာသာတောင်
တစ်ခမ်းတနားကြီး ရယ်မိသွားတယ်။

တွေးမိတဲ့အကြောင်းပြောရမယ်ဆိုရင် လွန်ခဲ့တဲ့အပတ်က မွေးရပ်မြေမိဘအိမ်ကို ၁ပတ်လောက်ပြန်ဖြစ်တာကနေ ဇာတ်လမ်းစတာပါပဲ။ ခွင့်မရတာရယ် အလုပ်ကိစ္စရယ်ကြောင့် မိဘတွေနဲ့ အေးအေးဆေးဆေး စကားမပြောခဲ့ရပါဘူး။ အလုပ်ကိစ္စကြောင့်လဲ အိမ်ထက် လမ်းပေါ်မှာပဲ အချိန်ကုန်ခဲ့တာများတယ်။

သုန့်မှာက မွေးချင်း ၃ ယောက်ရှိတယ်။ အဲ့ထဲမှာ သုန်သုန်က အငယ်ဆုံးသမီး ။ အကြီးဆုံး ကိုကိုကြီးဟာ ဆယ်တန်းအောင်ပြီးပါတည်းက DSA ၀င်သွားခဲ့တာ သုန်တို့ သူ့ကို မပိုင်တော့ပါဘူးလေ။
အလတ် မမကြီးကတော့ သုန်နဲ့ ၅ နှစ်လောက်ခြားပြီး အိမ်မှာတော့ မိန်းမပီသဆုံး မိဘအတွက် လိုလေသေးမရှိ စီမံခန့်ခွဲတတ်သူပါ။ သုန်ကတော့ အငယ်ဆုံးဖြစ်တာရယ် မိဘကအလိုလိုက်တာရယ်ကြောင့် မိန်းကလေးဖြစ်ပြီး မမကြီးလောက်တော့ အသေးစိတ်မလုပ်ပေးတတ်ခဲ့ပါ။ မိဘတွေအတွက် လိုချင်တာ ဖြစ်ချင်တာ မှန်သမျှဖြည့်ဆည်းဖို့က သုန့်တာဝန်ပဲလို့ စိတ်ထဲမှာ ခံယူထားသည်။
သုန့်မိဘတွေက ဖေဖေရော မေမေရော နောက်နှစ်ဆို အသက် ၅၈ ပြည့်ကြပြီ။ အရမ်းမငယ်တော့သလို အရမ်းလဲအသက်မကြီးသေးပေမဲ့ ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းကြသူတွေမဟုတ်လေတော့ စိတ်ကတော့ပူရပါတယ်။ ပိုဆိုးတာက သုန်တို့မောင်နှမ ၃ ယောက်လုံးက မိဘတွေနဲ့ အဝေးမှာ အလုပ်လုပ်ကြရတော့ ပိုဆိုးတာပေါ့နော်။
သုန့် မေမေက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရင်သားကင်ဆာကြောင့် ရင်သားတစ်ဖက်ဖြတ်ထားခဲ့ပြီး သာမန်လူတွေလိုတော့ ကျန်းမာရေးအရမ်းမမာတော့ မေမေ့ကို ပိုစိတ်ပူပါတယ်။ ဖေဖေကတော့ ကျန်းမာရေးလိုက်စားတယ်။ GOLFကစားတယ် . ၀ယ်ပေးတဲ့အားဆေးတွေမှန်မှန်သောက်တယ် ။ အဲ့တော့ ဖေဖေက  မေမေ့ထက်စာရင် ပိုပြီးကျန်းမာတယ်။
ဒီတစ်ခေါက်အိမ်ပြန်တော့ မေမေက နေသိပ်မကောင်းဘူး။ ဖေဖေကလဲ ချောင်းတဟွတ်ဟွတ်နဲ့။
ရာသီဥတုဖောက်လို့ဆိုပေမဲ့ အသက် ၈၀ ကျော် အဘိုးနဲ့အဘွားနဲ့လောက်တောင်
လန်းလန်းဆန်းဆန်းမရှိကြဘူး။ အိမ်မှာကလဲ စီးပွားရေးလဲ သူတို့နှစ်ယောက်ပဲ ဦးစီးလုပ်ကြတယ်။
 စားရေးသောက်ရေးလဲ ၂ယောက်တည်းဆိုပြီး အိမ်အကူမထားတော့ သူတို့ဘာသာပဲစီစဉ်ချက်စားကြတယ်။ မေမေဆို တော်တော်လေးပိန်သွားတယ်။ မိဘ ၂ ပါးလုံးရဲ့ ကျန်းမာရေးကိုတော့ တော်တော်လေးအားမရခဲ့တာ အမှန်ပါပဲ။ ရေရှည်အတွက် စဉ်းစားမယ်ဆိုရင် ကိုယ်ကလဲ မိဘနားအနီးကပ်မနေနိုင် ။
ကိုကိုကြီးက ပိုဆိုးတယ်။ အစိုးရ၀န်ထမ်းဆိုတာ မိဘ မပိုင်တော့ဘူးလေ။ မမကို မေမေ့တို့နား အနီးကပ်နေစေချင်ပြန်တော့ သူ့ဘ၀ သူ့လမ်းကို အငယ်ဖြစ်တဲ့ ကိုယ်က ၀င်မစွက်ဖက်ချင်ဘူးလေ။
အရင်က ကိုယ့်အတွေးကတော့ မမလဲအိမ်ထောင်မပြုရင် ကိုယ်လဲမပြုဘူးဆုံးဖြတ်ထားပြီး ညီမ ၂ ယောက် ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုလုပ်ပြီး မိဘတွေနဲ့အတူနေမယ်လို့ စဉ်းစားဘူးတယ်။

ကံကြမ္မာဆိုတာလဲ ကြိုမမြင်နိုင်တော့ အခက်သားရယ်လေ။
ဖြစ်ချင်တော့ ဒီတစ်ခေါက် အိမ်ပြန်ခရီးဟာ ကိုယ်ထင်ထားမိတဲ့ မမကတော့ အိမ်ထောင်ပြုမှာမဟုတ်တော့လောက်ပါဘူးလေ ဆိုတဲ့အတွေးက ဖြစ်လာဖို့မသေချာဘူးဆိုတာ ရိပ်မိခဲ့တယ်။ မမအတွက် ၀မ်းသာမိသလို စိတ်လဲပူမိတယ်။ ဘာလို့လဲဆိုတော့ မမက သုန့်လိုမဟုတ်ဘူးလေ။။ မိန်းမပီသတယ် စိတ်ပျော့လွယ်တယ်။ အဓိကကတော့ သူမဘ၀လေးကို အေးအေးချမ်းချမ်းလေး ဖြစ်စေချင်တာပါပဲ။

 မေမေတို့အတွက်တော့ တော်တော်လေး စိတ်ပူပန်မိသွားတယ်။
ကိုယ်ကလဲ ကိုယ်စီစဉ်ထားတဲ့ခြေလှမ်းတွေက နောက်ထပ် ၅ နှစ်လောက်ထိ မိဘနား အနီးကပ်မပြုစုနိုင်သေး။ မမကို အားကိုးထားမိပြန်တော့ သူ့ကံကြမ္မာနဲ့ သူ့ရွေးချယ်မှုက ကိုယ်ရေးလို့ရတာမဟုတ်ပြန်တော့
 မိဘတွေရှေ့ရေးအတွက် ဖြစ်မလာသေးပေမဲ့ ကြိုပူမိတာတော့ အမှန်ပါပဲ.။ အဓိကက ကျန်းမာရေးပါ။ အဝေးကနေ ဂရုစိုက်ဖို့အတန်တန်ပြောနေရတဲ့ အဝေးရောက်ကိုယ်တွေဘ၀ကို နဲနဲတော့ စိတ်ပျက်မိလာတယ်။ ပြန်ချင်လို့လဲ ပြန်မရသေးသလို ရည်မှန်းထားတာတွေ လွှတ်ချပြီး မိဘနားပြန် မိဘစီးပွားရေးလုပ်ဆိုလဲ ဖြစ်တဲ့ဘ၀ဆိုပေမဲ့ ကိုယ်တိုင်ကို မပြတ်သားနိုင်သေးတာအမှန်ပါ. (ဒီနေရာမှာ သုန်တော့ လူတွေက ကိုယ့်အတ္တကို ပိုချစ်ကြတယ်လို့ မြင်မိတယ်) ။ မိဘကိုလဲ ဒီထက်ပို ပြည့်ပြည့်စုံစုံထားချင်သလို ကိုယ်တိုင်လဲ ဒီထက်အဆင့်မြင့်တဲ့ ပညာရပ်တွေအတွက် လက်ရှိနေရာကို မစွန့်လွှတ်နိုင်သေးတာတော့ အမှန်ပါ။

တွေးရပြီ
ပူရပြီ
ဖြစ်မလာသေးပေမဲ့ ဖြစ်လာခဲ့လျှင် ဆိုတဲ့ အခြေအနေကို အကောင်းဆုံးရင်ဆိုင်ဖို့ သုန် တွေးရပြီလေ။

မိဘ ဆိုတာမျိုးကတော့ သူတို့သားသမီးတွေ တိုးတတ်အောင်မြင်တာကိုပဲမြင်ချင်ကြတာလေ။
ဘယ်မိဘကမှ အမြင့်ရောက်နေရာကနေ အောက်ကိုဆင်းဖို့ လှေကားဇွတ်မချပေးဘူး။
သားသမီးတွေကသာ အလိုက်သိသိ လှေကားခင်းသင့်တာလေ။
မိဘကျန်းမာရေးနဲ့ပတ်သက်လာရင်တော့ သုန် တော်တော်လေး ရင့်ကျက်ပါတယ်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုလုပ်ဖို့ပဲ တွေးထားပါတယ်။
သုန့်တွေးနေရ ရင်မောနေရတာတွေ အေးအေးဆေးဆေးလေးပဲ ဖြစ်သွားပါစေလို့ပဲ ဆုတောင်းနေမိပါတယ်။

သုန်သုန်
19/9/2016
4:05 PM
(SINGAPORE)

Thursday, 8 September 2016

ပျော်ရွှင်ခြင်း (Happiness)

Happiness........ 

ပျော်ရွှင်မှု ဆိုတာ လူတိုင်းလူတိုင်း နှစ်သက်လိုလားကြတဲ့ အရာတစ်ခုပါ.. လူတိုင်းကတော့ ဘ၀မှာ ပျော်ရွှင်စိတ်ချမ်းသာရဖို့အတွက် လည်ပတ်လှုပ်ရှားနေကြတာပါပဲ.....လူတွေဟာ လိုအင် နဲ့ ဆန္ဒ (Needs & Wants ) တွေပြည့်စုံနေရင် စိတ်ချမ်းသာနေကြတယ်လို့ Management & Marketing သဘောအရ ဆိုထားပါတယ်.......
တကယ်တော့ အဲ့ဒီ Needs & Wants အတွက်ကြောင့်ပဲ ပျော်ရွှင်ခြင်းတွေ .. စိတ်ဆင်းရဲခြင်းတွေကို ကိုယ်တိုင်ဖန်တီးနေကြတာပါ....
လောကမှာ သက်မဲ့ပဲဖြစ်ဖြစ် သက်ရှိပဲဖြစ်ဖြစ် လိုအပ်မှု (Need) နဲ့ လိုချင်တပ်မက်မှု (want) တို့ကိုခွဲခြားဆုံးဖြတ်နိုင်ရင် စိတ်ကျေနပ်ပျော်ရွှင်စရာတွေပါပဲ....
ဒါပေမဲ့လေ...
တစ်ခါတစ်လေတော့လည်းးးးးးးး
လူသားတွေဟာ.. ဘ၀မှာ ပျော်ရွှင်မှု အတွက်ကြိုးစားနေရင်းက မိမိကိုယ်ကို အားမလိုအားမရတွေ မကျေမနပ်တွေဖြစ်ပြီးး ပျော်ရွှင်မှုတွေ ဆိတ်သုန်းနေတတ်ပါတယ်...
အဲ့သလို ခံစားမှုတွေ ခံစားလာရတဲ့အခါ...
ကိုယ်ကြိုးစားသလောက် မအောင်မြင်ဘူးလို့ ခံစားရတဲ့အခါ..
ကိုယ်... သူများတွေလောက် မထွန်းမြောက်ပါ့လားလို့ ခံစားလာရတဲ့အခါ..
မိမိရဲ့စိတ်ကို ပြုပြင်ထိန်းကျောင်းနိုင်မှုက ဘ၀ အောင်မြင်မှုရဲ့အခွင့်အရေးတစ်ရပ်ပါပဲ...
မိမိရဲ့ စိတ်ကို မိမိသာလျှင် ကျေနပ်ပျော်ရွှင်အောင် ဖန်တီးနိုင်မှုဟာ ပန်းတိုင်တစ်ခုပါ....
ဆိုလိုတာက..
စိတ်ကျေနပ်ပျော်ရွှင်အောင် ဘာတွေလုပ်ရမလဲ...
ကမ္ဘာကျော် စိတ်ပညာရှင်ကြီးတွေက ပြောထားတဲ့ စိတ်ကိုပျော်ရွှင်စေနိုင်တဲ့ အချက်တွေကတော့....
(1) မကြာခဏ ဓါတ်ပုံရိုက်ပေးပါ...
(2) ရုံးပိတ်ရက် မနက်ပိုင်းမှာ အိပ်ရာထဲမှာ အကြာကြီး နှပ်ပါ...
(3) သူငယ်ချင်းတွေကို မကြာခဏ ဖုန်းဆက်ပါ... လက်ဆောင်ကဒ်လေးတွေပို့ပေးပါ...
(4) ရေကန်ဘေး ကန်းနားတွေမှာ လမ်းလျှောက်ပါ...
(5) ကားမောင်းရင်းသီချင်းအော်ဆိုပါ..မိမိနှစ်သက်သည့် သီချင်းများကို မကြာခဏ နားထောင်ပါ....
(6) ကော်ဖီ သောက်ရင်း စာဖတ်ပါ...
(7) ဖုန်းပြောရင်း ဟိုဟိုဒီဒီ လျှောက်ရေးခြစ်ပါ.....
(8) ရေချိုးရင်း သီချင်းအော်ဆိုကြည့်ပါ....
(9) တရားထိုင်ပါ...

ကဲ .. ဘယ်လိုလဲ..
သင်တို့်အားလုံးရော စိတ်ကျေနပ်ပျော်ရွှင်မှုတွေ မရှိဖြစ်နေရင်... ကြိုးစားကြည့်လိုက်ပါလားးးးးးး
တကယ်ကို အရာအားလုံးက ကျေနပ်ပျော်ရွှင်စရာတွေဖြစ်လာပါလိမ့်မယ်။။...

Napoleon Hill ကပြောထားတယ်.။။။
" Both poverty and riches are the offspring of thought"
ဆင်းရဲခြင်း နှင့် ချမ်းသာခြင်း နှစ်ခုလုံးသည် သင့်အတွေးများမှသာ ပေါက်ဖွားလာခြင်းဖြစ်သည်တဲ့....
သူငယ်ချင်း အားလုံး
ကိုယ်ပိုင်အတွေးအမြင်များနှင့် စိတ်ပျော်ရွှင်ကျေနပ်ရင်း နယ်ပယ်အသီးသီးမှာ အောင်မြင်မှုကို ရှာဖွေနိုင်ကြပါစေ.....




သုန်သုန်
(ဖတ်မိ မှတ်မိသမျှ)