ခေါင်းစဉ်ကြီးကတော့ ဘ၀အတွက် တွေးရပြီ လို့ဆိုလိုက်တော့ ကိုယ့်ဘာသာတောင်
တစ်ခမ်းတနားကြီး ရယ်မိသွားတယ်။
တွေးမိတဲ့အကြောင်းပြောရမယ်ဆိုရင် လွန်ခဲ့တဲ့အပတ်က မွေးရပ်မြေမိဘအိမ်ကို ၁ပတ်လောက်ပြန်ဖြစ်တာကနေ ဇာတ်လမ်းစတာပါပဲ။ ခွင့်မရတာရယ် အလုပ်ကိစ္စရယ်ကြောင့် မိဘတွေနဲ့ အေးအေးဆေးဆေး စကားမပြောခဲ့ရပါဘူး။ အလုပ်ကိစ္စကြောင့်လဲ အိမ်ထက် လမ်းပေါ်မှာပဲ အချိန်ကုန်ခဲ့တာများတယ်။
သုန့်မှာက မွေးချင်း ၃ ယောက်ရှိတယ်။ အဲ့ထဲမှာ သုန်သုန်က အငယ်ဆုံးသမီး ။ အကြီးဆုံး ကိုကိုကြီးဟာ ဆယ်တန်းအောင်ပြီးပါတည်းက DSA ၀င်သွားခဲ့တာ သုန်တို့ သူ့ကို မပိုင်တော့ပါဘူးလေ။
အလတ် မမကြီးကတော့ သုန်နဲ့ ၅ နှစ်လောက်ခြားပြီး အိမ်မှာတော့ မိန်းမပီသဆုံး မိဘအတွက် လိုလေသေးမရှိ စီမံခန့်ခွဲတတ်သူပါ။ သုန်ကတော့ အငယ်ဆုံးဖြစ်တာရယ် မိဘကအလိုလိုက်တာရယ်ကြောင့် မိန်းကလေးဖြစ်ပြီး မမကြီးလောက်တော့ အသေးစိတ်မလုပ်ပေးတတ်ခဲ့ပါ။ မိဘတွေအတွက် လိုချင်တာ ဖြစ်ချင်တာ မှန်သမျှဖြည့်ဆည်းဖို့က သုန့်တာဝန်ပဲလို့ စိတ်ထဲမှာ ခံယူထားသည်။
သုန့်မိဘတွေက ဖေဖေရော မေမေရော နောက်နှစ်ဆို အသက် ၅၈ ပြည့်ကြပြီ။ အရမ်းမငယ်တော့သလို အရမ်းလဲအသက်မကြီးသေးပေမဲ့ ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းကြသူတွေမဟုတ်လေတော့ စိတ်ကတော့ပူရပါတယ်။ ပိုဆိုးတာက သုန်တို့မောင်နှမ ၃ ယောက်လုံးက မိဘတွေနဲ့ အဝေးမှာ အလုပ်လုပ်ကြရတော့ ပိုဆိုးတာပေါ့နော်။
သုန့် မေမေက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရင်သားကင်ဆာကြောင့် ရင်သားတစ်ဖက်ဖြတ်ထားခဲ့ပြီး သာမန်လူတွေလိုတော့ ကျန်းမာရေးအရမ်းမမာတော့ မေမေ့ကို ပိုစိတ်ပူပါတယ်။ ဖေဖေကတော့ ကျန်းမာရေးလိုက်စားတယ်။ GOLFကစားတယ် . ၀ယ်ပေးတဲ့အားဆေးတွေမှန်မှန်သောက်တယ် ။ အဲ့တော့ ဖေဖေက မေမေ့ထက်စာရင် ပိုပြီးကျန်းမာတယ်။
ဒီတစ်ခေါက်အိမ်ပြန်တော့ မေမေက နေသိပ်မကောင်းဘူး။ ဖေဖေကလဲ ချောင်းတဟွတ်ဟွတ်နဲ့။
ရာသီဥတုဖောက်လို့ဆိုပေမဲ့ အသက် ၈၀ ကျော် အဘိုးနဲ့အဘွားနဲ့လောက်တောင်
လန်းလန်းဆန်းဆန်းမရှိကြဘူး။ အိမ်မှာကလဲ စီးပွားရေးလဲ သူတို့နှစ်ယောက်ပဲ ဦးစီးလုပ်ကြတယ်။
စားရေးသောက်ရေးလဲ ၂ယောက်တည်းဆိုပြီး အိမ်အကူမထားတော့ သူတို့ဘာသာပဲစီစဉ်ချက်စားကြတယ်။ မေမေဆို တော်တော်လေးပိန်သွားတယ်။ မိဘ ၂ ပါးလုံးရဲ့ ကျန်းမာရေးကိုတော့ တော်တော်လေးအားမရခဲ့တာ အမှန်ပါပဲ။ ရေရှည်အတွက် စဉ်းစားမယ်ဆိုရင် ကိုယ်ကလဲ မိဘနားအနီးကပ်မနေနိုင် ။
ကိုကိုကြီးက ပိုဆိုးတယ်။ အစိုးရ၀န်ထမ်းဆိုတာ မိဘ မပိုင်တော့ဘူးလေ။ မမကို မေမေ့တို့နား အနီးကပ်နေစေချင်ပြန်တော့ သူ့ဘ၀ သူ့လမ်းကို အငယ်ဖြစ်တဲ့ ကိုယ်က ၀င်မစွက်ဖက်ချင်ဘူးလေ။
အရင်က ကိုယ့်အတွေးကတော့ မမလဲအိမ်ထောင်မပြုရင် ကိုယ်လဲမပြုဘူးဆုံးဖြတ်ထားပြီး ညီမ ၂ ယောက် ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုလုပ်ပြီး မိဘတွေနဲ့အတူနေမယ်လို့ စဉ်းစားဘူးတယ်။
ကံကြမ္မာဆိုတာလဲ ကြိုမမြင်နိုင်တော့ အခက်သားရယ်လေ။
ဖြစ်ချင်တော့ ဒီတစ်ခေါက် အိမ်ပြန်ခရီးဟာ ကိုယ်ထင်ထားမိတဲ့ မမကတော့ အိမ်ထောင်ပြုမှာမဟုတ်တော့လောက်ပါဘူးလေ ဆိုတဲ့အတွေးက ဖြစ်လာဖို့မသေချာဘူးဆိုတာ ရိပ်မိခဲ့တယ်။ မမအတွက် ၀မ်းသာမိသလို စိတ်လဲပူမိတယ်။ ဘာလို့လဲဆိုတော့ မမက သုန့်လိုမဟုတ်ဘူးလေ။။ မိန်းမပီသတယ် စိတ်ပျော့လွယ်တယ်။ အဓိကကတော့ သူမဘ၀လေးကို အေးအေးချမ်းချမ်းလေး ဖြစ်စေချင်တာပါပဲ။
မေမေတို့အတွက်တော့ တော်တော်လေး စိတ်ပူပန်မိသွားတယ်။
ကိုယ်ကလဲ ကိုယ်စီစဉ်ထားတဲ့ခြေလှမ်းတွေက နောက်ထပ် ၅ နှစ်လောက်ထိ မိဘနား အနီးကပ်မပြုစုနိုင်သေး။ မမကို အားကိုးထားမိပြန်တော့ သူ့ကံကြမ္မာနဲ့ သူ့ရွေးချယ်မှုက ကိုယ်ရေးလို့ရတာမဟုတ်ပြန်တော့
မိဘတွေရှေ့ရေးအတွက် ဖြစ်မလာသေးပေမဲ့ ကြိုပူမိတာတော့ အမှန်ပါပဲ.။ အဓိကက ကျန်းမာရေးပါ။ အဝေးကနေ ဂရုစိုက်ဖို့အတန်တန်ပြောနေရတဲ့ အဝေးရောက်ကိုယ်တွေဘ၀ကို နဲနဲတော့ စိတ်ပျက်မိလာတယ်။ ပြန်ချင်လို့လဲ ပြန်မရသေးသလို ရည်မှန်းထားတာတွေ လွှတ်ချပြီး မိဘနားပြန် မိဘစီးပွားရေးလုပ်ဆိုလဲ ဖြစ်တဲ့ဘ၀ဆိုပေမဲ့ ကိုယ်တိုင်ကို မပြတ်သားနိုင်သေးတာအမှန်ပါ. (ဒီနေရာမှာ သုန်တော့ လူတွေက ကိုယ့်အတ္တကို ပိုချစ်ကြတယ်လို့ မြင်မိတယ်) ။ မိဘကိုလဲ ဒီထက်ပို ပြည့်ပြည့်စုံစုံထားချင်သလို ကိုယ်တိုင်လဲ ဒီထက်အဆင့်မြင့်တဲ့ ပညာရပ်တွေအတွက် လက်ရှိနေရာကို မစွန့်လွှတ်နိုင်သေးတာတော့ အမှန်ပါ။
တွေးရပြီ
ပူရပြီ
ဖြစ်မလာသေးပေမဲ့ ဖြစ်လာခဲ့လျှင် ဆိုတဲ့ အခြေအနေကို အကောင်းဆုံးရင်ဆိုင်ဖို့ သုန် တွေးရပြီလေ။
မိဘ ဆိုတာမျိုးကတော့ သူတို့သားသမီးတွေ တိုးတတ်အောင်မြင်တာကိုပဲမြင်ချင်ကြတာလေ။
ဘယ်မိဘကမှ အမြင့်ရောက်နေရာကနေ အောက်ကိုဆင်းဖို့ လှေကားဇွတ်မချပေးဘူး။
သားသမီးတွေကသာ အလိုက်သိသိ လှေကားခင်းသင့်တာလေ။
မိဘကျန်းမာရေးနဲ့ပတ်သက်လာရင်တော့ သုန် တော်တော်လေး ရင့်ကျက်ပါတယ်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုလုပ်ဖို့ပဲ တွေးထားပါတယ်။
သုန့်တွေးနေရ ရင်မောနေရတာတွေ အေးအေးဆေးဆေးလေးပဲ ဖြစ်သွားပါစေလို့ပဲ ဆုတောင်းနေမိပါတယ်။
သုန်သုန်
19/9/2016
4:05 PM
(SINGAPORE)
No comments:
Post a Comment